ပွင့်ဖြူမြို့နယ်၌ အခြေခံလူတန်းစားအိမ်ထောင်စုများအား ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်

ပွင့်ဖြူ နိုဝင်ဘာ ၁၁

ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီက မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ အခြေခံလူတန်းစား အိမ်ထောင်စု ၂၇၆၃၅ စုအား ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အဆင်ပြေ စေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ပဉ္စမအကြိမ်မြောက် ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်း၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်သည် မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက် အပါအဝင် ကျေးရွာအုပ်စု ၅၆ အုပ်စုနှင့် ကျေးရွာပေါင်း ၂၀၄ ရွာရှိပြီး အခြေခံလူတန်းစား အိမ်ထောင်စုပေါင်း ၂၇၆၃၅ စု ရှိကြောင်း သိရသည်။ ယခု ပဉ္စမအကြိမ်အဖြစ် နိုင်ငံတော်မှ အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအတွက် ကိုဗစ် - ၁၉ ကာလ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၅၂၇၀၀၀၀၀ အား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ မြို့နယ်အဆင့် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ စာရင်းကောက်ယူရေးနှင့် ရိက္ခာစုဆောင်ရေးဦးစီးကော်မတီဥက္ကဌ ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာကော်မတီ အဖွဲ့ဝင် များထံ လွှဲပြောင်း ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှ ပဉ္စမအကြိမ် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ဌာနဆိုင်ရာကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ များ ရှိ စာရင်းကောက်ယူထားသော အခြေခံလူတန်းစား အိမ်ထောင်စုဝင်များထံ ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများနှင့် အညီ စနစ်တကျ ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။  
ရဲဝင်းနိုင် ( ပြန်/ဆက် )