ဆင်ပေါင်ဝဲမြို့နယ်၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဆင်ပေါင်ဝဲ မေ ၂၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် သစ်တောဦးစီးဌာနမှ ရှမ်းသောက်ကြိုးပြင် ကာကွယ်တောအကွက် အမှတ် (၂) အတွင်း ဒေသအခေါ် မဟာဗောဓိကုန်းမြေနေရာတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ မိုးရာသီအကြို သစ်ပင်စိုက်ပွဲတွင် ငုဝါ (၁၀၀) ပင်၊ တမာ (၁၀၀) ပင် စုစုပေါင်း (၂၀၀) ပင်အား မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသက်ဝေအောင် ဦးဆောင်၍ ဝန်ထမ်းများနှင့်ဒေသခံပြည်သူများဖြင့် အတူတကွ စိုက်ပျိုးခဲ့ကြပြီး ဒေသခံပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်များ၏ တန်ဖိုးကိုအလေးထား သိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများ ရရှိစေရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)