ဒေးဒရဲမြို့နယ်၌ နယ်လှည့်အသိပညာပေးဟောပြောပွဲနှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နံရံကပ်စာစောင်များပြသ

ဒေးဒရဲ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ပြည်သူများ အသိပညာ ဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်ရှိန် မြှင့်တင်နိုင်ရေးရည်ရွယ်၍  နယ်လှည့်အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် (၁၀)နာရီခွဲက အမှတ် (၃)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ  အဆိုပါရပ်ကွက်အတွင်းရှိ  ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က မြို့နယ်အတွင်းရှိ ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာပေဗဟုသုတ များစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက် စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ လူကုန်ကူးမှုကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မိုးရာသီတွင် ဖြစ်ပွားပေါ်ပေါက်လာနိုင်သည့် မုန်တိုင်းအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး သဘာဝဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဟောပြောပွဲအပြီးတွင် တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

အေဇာလင်း