လပွတ္တာ မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးတောင်သူ နည်းပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက အုန်းတပင်ကျေးရွာအုပ်စုနှင့် ညောင်လိန်ကျေးရွာတို့၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲ၌ စိုက်ပျိုးရေးဦးစီးဌာန လပွတ္တာမြို့နယ် ဒုတိယဦးစီမှူး ဒေါ်မေတိုးအောင်မြင့်က စပါးတွင်ကျရောက်တတ်သော ပိုးမွှားများအား ကြိုတင်ကာကွယ်နှိမ်နင်းရေး နည်းလမ်းများကို လည်းကောင်း၊ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်နိုင်ရေး နည်းလမ်းများကိုလည်းကောင်း၊ ဓာတ်မြေဩဇာများအား စပါးပင်သက်တမ်းအလိုက် ထည့်သွင်းအသုံးပြုရေး နည်းလမ်းများကို လည်းကောင်း၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးနိုင်ရေး နည်းလမ်းများကိုလည်းကောင်း၊ တောင်သူများနှင့် နှီးနှောဖလှယ်ဆွေးနွေးခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုလက်ထောက်ဦးစီးမှူး ဦးကျော်သူဦးက လိုအပ်သည်များကို ဖြည့်စွက်ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ အုန်းတပင်ကျေးရွာ အုပ်စုနှင့် ညောင်လိန်ကျေးရွာတို့မှ တောင်သူ (၁၈၉)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မူမူ
