ကလိန်အောင်မြို့တွင် ယခုနှစ် ရာသီပေါ်ထွက်ရှိသည့် ပတ္တမြားငမောက်သရက်သီး‌  ဈေးကောင်း ရရှိ

ကလိန်အောင် မေ ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ရာသီပေါ်ထွက်ရှိသည့် ပတ္တမြားငမောက်သရက်သီးမှာ မနှစ်ကထက် ဈေးကောင်းရရှိ၍ အဆင်ပြေကြကြောင်း စိုက်ပျိုးတောင်သူများထံမှ သိရသည်။

မနှစ်က ပတ္တမြားငမောက် သရက်သီး‌ဈေးမှာ အရွယ်အစားလိုက် အကြီးတစ်လုံးကို ငွေ ၁၀၀၀၊ အသေးနှစ်လုံးကို ၁၅၀၀၊ ၂၀၀၀ ကျပ်ဖြင့် ရောင်းချရပြီး ဒီနှစ်ဈေးမှာ အရွယ်အစားလိုက် အကြီးတစ်လုံးကို ငွေ ၂၀၀၀၊ ၂၅၀၀ ကျပ်အထိ‌ ဈေးကောင်းရရှိတယ်ဟု အဆိုပါသရက်သီးစိုက်ပျိုးသူတစ်ဦးက ပြောသည်။

ကလိန်‌အောင်မြို့တွင် ထွက်ရှိသည့် သရက်သီးများကို အနီးပတ်ဝန်းကျင်ကျေးရွာများနှင့် ဈေးသည်များက ဖောက်သည်ယူပြီး ရောင်းချကြကာ တခြားမြို့ကြီးဖြစ်သော ရန်ကုန်၊ ထားဝယ်မြို့များသို့လည်း တင်ပို့ရောင်းချရကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် အဆိုပါသရက်သီးပင်များကို အော်ဂဲနစ်စနစ်ဖြင့် စိုက်ပျိုးကြပြီး ထွက်ရှိလာသည့် ပတ္တမြားငမောက်သရက်သီးမှာ စားသုံးသူတို့အတွက်လည်း ကျန်းမာရေးနှင့် ညီညွတ်ကြောင်း သိရသည်။

အခုလက်ရှိဈေးမှာ ရောင်းချနေတာတော့ အလုံးအရွယ်အစားအလိုက် တစ်လုံးကို ငွေကျပ်၂၀၀၀၊ ၂၅၀၀ အထိ ရောင်းချရတယ်၊ နောက်ပြီး ရန်ကုန်မြို့နဲ့ ထားဝယ်မြို့‌ ဈေးကွက်ကိုလည်း ဖောက်သည်ဈေး အလုံးအရွယ်အစားပေါ် မူတည်ပြီး တစ်လုံးကို ငွေကျပ် ၁၅၀၀၊ ၂၀၀၀ အထိ တင်ပို့ရောင်းချရပါတယ်ဟု ကလိန်အောင်မြို့ရှိ  စိုက်ပျိုးရောင်းချသူတစ်ဦးက ပြောသည်။

" ဒီနှစ်ကတော့ အသီးထွက်နှုန်းနည်းတယ်၊ ဘယ်လောက်ရမှာမှန်းတော့ မသိသေးဘူး ဈေးတော့ ရကောင်းတယ်၊ မနှစ်ကဆို တခြားမြို့နယ်တွေကလည်း လာဝယ်တာလဲ မရှိဘူး၊ ကိုယ်တိုင်သွားပြီး ရောင်းချဖို့ကလဲ အဆင်မပြေဘူး၊ ဒါကြောင့် ရတဲ့ဈေးနဲ့ပဲ မြို့ပေါ်မှာ ရောင်းရတယ်" ၎င်းက ဆက်လက်ပြောသည်။

ကလိန်အောင်မြို့ ဒေသတွင် ပတ္တမြားငမောက်သရက်သီးမျိုးကို ကိုင်းကူးအပင်မျိုးများသာ စတင်စိုက်ပျိုးကြပြီး (၃) နှစ်ကြာမှာ ပန်းများပွင့်ပြီး အသီးကင်များ စတင်၍ သီးကာ မှိုဆေးများ ဖြန့်ပေးရပြီး အသီးလုံးများကို စနစ်တကျ အိတ်စွပ်ပေးကာ မေလပိုင်းတွင် စတင်ခူးဆွတ်ပြီး ဈေးကွက်အတွင်းသို့ ဖြန့်ဖြူးရောင်းချကြသည်။

အဆိုပါ ဈေးကွက်ဝင်သည့် ပတ္တမြားငမောက်သရက်သီး စိုက်ပျိုးရာတွင် တစ်ဧကကို ငွေ (၇) သိန်းခန့် ကုန်ကျကာ အသီးထွက်နှုန်းမှာ တစ်ဧကကို အလုံးရေသုံးထောင်ခန့် ထွက်ရှိပြီး ပတ္တမြားငမောက်သရက်ပင်မျိုး‌များကို ဥယျဉ်ခြံများတွင် စီးပွားရေးအဖြစ် အဓိကထား၍ စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။

ကလိန်အောင်မြို့တွင် ပတ္တမြားငမောက်သရက်သီးအပင် စိုက်ပျိုး‌ဧကမှာ (၂၅) ဧက ခန့်ရှိကြောင်း ကလိန်အောင်မြို့ စိုက်ပျိုးရေးဦးစီး‌ဌာနမှ သိရသည်။

ခင်ခင်လဲ့(ကလိန်အောင်)