ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် “Training on Effective Strategies for New Curriculum” သင်တန်းဆင်းပွဲအခမ်းအနားတက်ရောက်

ဟားခါး မေ ၂၉

ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ဟားခါးပညာရေးဒီဂရီကောလိပ်က ကြီးကြပ်ဖွင့်လှစ်ပို့ချမည့် “Training on Effective Strategies for New Curriculum” သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြ သည်။

ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်းဆွန်းထန်က ပညာရေးဒီဂရီကောလိပ်ဟာ အခြေခံပညာကျောင်းများအတွက် ဆရာ၊ ဆရာမများကို အဓိက မွေးထုတ်၊ လေ့ကျင့်ပေးသည့် ဒီဂရီ ကောလိပ်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် ၂၁ ရာစု၏ ပြောင်းလဲတိုးတက်လာသော ပညာရပ်များကို ကျောင်းသား၊ ကျောင်းသူများအား အပြည့်အဝပေးနိုင်ရန် Life long learning လုပ်ရန် လိုအပ်ပြီး မိမိကိုယ်ကို ထာဝရကျောင်းသားဖြစ်သည်ဟု အစဉ်သတိရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် အခြေခံပညာကျောင်းက ဆရာ၊ ဆရာမများအတွက် ယခုကဲ့သို့ ရက်တိုမွမ်းမံသင်တန်း ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းကာလတိုတောင်းသော်လည်း ကျောင်းမဖွင့်မီ ဆရာ၊ ဆရာမ များကို motivation လုပ်ပေးပြီး စာဆက်လက်လေ့လာလိုစိတ်ကို နှိုးဆွပေးမည့် သင်တန်းဖြစ်မည်ဟု ယုံကြည်ပါကြောင်းနှင့် သင်တန်းတွင် ပို့ချသည့် Basic English Language သင်ကြားခြင်းအတွက် အရေးကြီးသော အခြေခံများကို အသုံးချရင်း ၂၁ ရာစုပညာရေး၏ 5 C’s ဖြစ်သော critical thinking, creativity, communication, collaboration နှင့် character တို့ကို ကျောင်းသားများအားလုံး ရရှိ သွားရုံသာမက skill (၅) မျိုးဖြစ်သော listening skill, speaking skill, writing skill, reading skill နှင့် thinking skill များကိုပါ ရရှိသွားသည်အထိ ပျော်ရွှင်ဖွယ်ကောင်းသော learning environment ကို ဖန်တီးကာ ကြိုးစားသင်ကြားပေးရန် တိုက်တွန်းပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ထို့နောက် ဟားခါးပညာရေးဒီဂရီကောလိပ် တာဝန်ခံကျောင်းအုပ်က ဒေါ်ငွန်လျန်မွေးက သင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသား၊ သင်တန်းသူများ၏ အခြေအနေအား ရှင်းလင်းတင်ပြပြီး သင်တန်းတွင် ပထမရရှိသူကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က လည်းကောင်း၊ ဒုတိယရရှိသူကို ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်က လည်းကောင်း၊ တတိယရရှိသူနှင့် သင်တန်းဆင်းလက်မှတ်ကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှက လည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ သင်တန်းဆင်းပွဲအခမ်းအနား အောင်မြင်စွာရုပ်သိမ်းပြီး ပြည်နယ်ဝန်ကြီးများက အခမ်းအနားတက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)