နတ်မောက် မေ ၂၉
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ဒေသအတွင်း စားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဘုန်းတော်ပြည့်ကျေးရွာတွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် နွေနှမ်းများ ဘောင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးထားရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
တောင်သူများအနေဖြင့် ဘောင်ကြီးစနစ်ဖြင့် နွေနှမ်းသီးနှံများ စိုက်ပျိုးမည်ဆိုပါက မြေအနေအထားပေါ်မူတည်၍ (၃)ပေ၊ (၄)ပေအကျယ် မြေဘောင်များပြုလုပ်ပြီး မျိုးစေ့ချကိရိယာဖြင့် စနစ်တကျစိုက်ပျိုးရပါကြောင်း၊ စနစ်တကျစိုက်ပျိုးမှုကြောင့် မျိုးစေ့ကုန်ကျမှုသက်သာကြောင်း၊ ရေသွင်းရေထုတ်လွယ်ကူသဖြင့် အပင်ဖြစ်ထွန်းမှုကောင်းမွန်ကာ အထွက်နှုန်းသေချာပြီး (၁)ဧကပန်းတိုင်အထွက်နှုန်း နှမ်းအတင်း (၂၀)မှ (၂၃) အထိ ထွက်ရှိကြောင်း နှမ်းစိုက်တောင်သူများက ပြောကြားခဲ့သည်။
နတ်မောက်မြို့နယ်တွင် ဆီထွက်သီးနှံနွေနှမ်း (၇၈၅)ဧကစိုက်ပျိုးနိုင်ခဲ့ပြီး စိုက်ပျိုးထားရှိသော နွေနှမ်းများ အထွက်နှုန်းကောင်းမွန်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများဖြင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
မူမူစန်း
