မုံရွာမြို့တွင် ပိုးသတ်ဆေးဥပဒေ၊ ပိုးသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲနည်းနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်း နည်းပညာပေးသင်တန်းနှင့် ဆွေးနွေးပွဲကျင်းပ

မုံရွာ မေ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူး၍ တောင်သူများကို ပညာပေးစည်းရုံး ဆောင်ရွက်နေသော ဝန်ထမ်းများအနေဖြင့်လည်း နည်းပညာအမျိုးမျိုးကို စာတွေ့လက်တွေ့ ကျွမ်းကျင်စွာ လေ့လာသင်ယူကြပြီး ဝမ်းစာပြည့်ဝနေရန်၊ ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေများကိုလည်း လေ့လာမှတ်သား၍ လက်တွေ့အသုံးပြုလိုက်နာကြရန်နှင့် ဝန်ဆောင်မှုပေးရာမှာလည်း မှန်ကန်မှုရှိစေရေးအတွက် နည်းပညာပိုင်းဆိုင်ရာများကို စဉ်ဆက်မပြတ် ဆည်းပူး လေ့လာနေကြရန်တို့အတွက် ရည်ရွယ်ပြီး ပိုးသတ်ဆေးဥပဒေ၊ ပိုးသတ်ဆေး စနစ်တကျ ကိုင်တွယ်သုံးစွဲနည်းနှင့် သဘာဝပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်း နည်းပညာပေးသင်တန်းနှင့် ဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မြေ၊ မျိုးပိုးရုံးရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး (စီမံ) ဦးထွန်းရှိန်က မိမိတို့ဌာနဝန်ထမ်းများအနေဖြင့် စိုက်ပျိုးရေးနည်းပညာများကို ကျွမ်းကျင်စွာ တတ်မြောက်ထားပါမှ ကျေးရွာတောင်သူများအား ပြန်လည်စည်းရုံးပြီး ဆွေးနွေးပေးနိုင်မှာဖြစ် ကြောင်း၊ သီးနှံများအထွက်တိုးနှုန်းရရှိရေးအတွက် မျိုးကောင်း/မျိုးသန့်များကို ရွေးချယ်စိုက်ပျိုး သွားမှသာလျှင် အထွက်နှုန်းများရရှိပြီး မိမိတို့၏မိသားစုလူနေဘဝမြင့်မားလာမှာဖြစ်ကြောင်း၊ မိမိတို့၏အတွေ့အကြုံနှင့် ဆွေးနွေးပွဲမှ ရရှိသည့်နည်းပညာများ လက်တွေ့ပေါင်းစပ်လုပ်ကိုင် သွားကြပါ အခက်အခဲများရှိပါက တာဝန်ရှိသူနှင့် ဆွေးနွေးပြီး အကူအညီတောင်းခံသွားကြပါ၊ တောင်သူများစိုက်ပျိုးထားသော သီးနှံစိုက်ခင်းများတွင် ဖျက်ပိုးကျရောက်မှုကြောင့် ထိခိုက် ဆုံးရှုံးမှုမရှိရအောင် ဆောင်ရွက်ရာတွင် သီးနှံကာကွယ်ရေးဝန်ထမ်းများတွင်သာ တာဝန်ရှိသည် မဟုတ်ဘဲ စိုက်ပျိုးရေးဝန်ထမ်းများ အားလုံးမှာလည်း တာဝန်ရှိပါတယ်။ ဒါ့အပြင် ဖျက်ပိုးများ ကာကွယ်ရာမှာ ဘက်စုံပိုးမွှား၊ ရောဂါကာကွယ်နှိမ်နှင်းရေး နည်းလမ်းများကို တောင်သူများ ကျွမ်းကျင်စွာ တတ်မြောက်ပြီး လိုက်နာကျင့်သုံးလာစေရေး အလေးထားဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ဒါကြောင့်မို့ တက်ရောက်လာသော ဝန်ထမ်းများအနေဖြင့် သင်ကြားပို့ချပြီး သင်ခန်းစာများကို စိတ်ပါဝင်စားစွာ လေ့လာမှတ်သားကြပြီး တောင်သူလယ်သမားများဘဝ မြှင့်တင်နိုင်ရေး ရနိုင်သမျှ နည်းလမ်းများဖြင့် ကြိုစားဆောင်ရွက်ကြပါလို့ တိုက်တွန်းပြောကြားခဲ့ သည်။

ဆက်လက်ပြီး တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင်က သင်တန်းဖွင့်လှစ်ရ ခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် ဒုတိယတိုင်းဒေသကြီး ဦးစီးမှူး (စီမံ) နှင့် တာဝန်ရှိသူများက ပိုးသတ်ဆေးဥပဒေစာအုပ်များ၊ တောင်သူပညာပေးလက်ကမ်းစာစောင် များကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။  

ထို့နောက် ဆွေးနွေးပွဲကို ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး သီးနှံကာကွယ်ရေးဌာနခွဲမှ ဦးစီး အရာရှိ ဒေါ်စန်းစန်းချိုက ပိုးသတ်ဆေးစနစ်တကျ ကိုင်တွယ်သုံးစွဲနည်း နည်းပညာများ အကြောင်း၊ ဒုတိယဦးစီးမှူး ဒေါ်သန်းသန်းဌေးက ပိုးသတ်ဆေးဥပဒေအကြောင်း၊  တိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဦးမြင့်လွင်က ဘက်စုံသီးနှံ ကာကွယ်ခြင်းနည်းပညာနှင့် သဘာဝ ပိုးသတ်ဆေးပြုလုပ်သုံးစွဲနည်း နည်းပညာများအကြောင်းတို့ကို အသေးစိတ်စာတွေ့လက်တွေ့ ပရိုဂျက်တာများဖြင့် ပြသရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီးနောက် သဘာဝပိုးသတ်ဆေး ဖော်စပ် အသုံးပြုနည်းသရုပ်ပြသမှုကို ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။     

အဆိုပါ သင်တန်းကို တစ်ရက်ကြာဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်း တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်း(၄၂)ဦးနှင့် online ဖြင့် (၂၀)  ဦး စုစုပေါင်း(၆၂)ဦး တက်ရောက်သင်ယူခဲ့ကြောင်း သိရသည်။            

ခရိုင်(ပြန်/ဆက်)