ပေါင်းတည် မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မတ်လအတွင်းက (Drum Seeder) ဖြင့်အစေ့ချကာ YSR-1 (ရက် ၁၂၀) စပါးမျိုးသစ် ကို စမ်းသပ်စိုက်ပျိုးထားသော နွေစပါး စိုက်ခင်းများသည် ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်းနှင့် မကြာမီရိတ်သိမ်းကြမည်ဖြစ်ကြောင်း သိရသည်။
ထိုမျိုးသစ်စပါးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများအား မျိုးစေ့များပေးအပ်ကာ အရည်အသွေးကောင်း၊ အထွက်ကောင်းသော ထို YSR-1 စပါးမျိုးကို နိုင်ငံ့စီးပွား မြှင့်တင်ရေး နွေစပါးစိုက်ပျိုး ထုတ်လုပ်မှုတွင်လည်း ထည့်သွင်းစိုက်ပျိုးထားစေခြင်းဖြစ်ကြောင်း၊ ထိုစပါးမျိုးသည် ဧည့်မထမျိုးနွယ်ဝင်ဖြစ်ပြီး၊ အနှံပါပင်ပွား (၁၃) ပင်ရှိကြောင်း၊ တစ်နှံလျှင် စပါးသီးလုံး (၁၈၀) ပါရှိကြောင်း၊ အပင်အမြင့်မှာ (၁၁၅) စင်တီမီတာအထိ ရှိတတ်ကြောင်း၊ အောင်စေ့( ၉၀) ရာခိုင်နှုန်းရှိ၍ တစ်ဧကလျှင် စပါးတင်း ၁၄၀ မှ ၁၅၀ အထိ ထွက်ရှိလေ့ရှိပြီး ဆန်သားကြည်လင်ကာ ရှည်သွယ်ကြောင်း၊ စားသုံးရာတွင် ကောင်းမွန်ကြောင်းနှင့် ပိုးမွှားအန္တရာယ်နှင့်ပတ်သက်၍ ဂုတ်ကျိုးရောဂါနှင့် ဖြုတ်ညိုပိုးဒဏ် ခံနိုင်ရည်ရှိကြောင်း၊ ထိုစပါးမှ ထုတ်လုပ်သော အဆင့်မြင့်ဆန်များကို ပြည်ပသို့ တင်ပို့နေရ၍ နိုင်ငံခြားဝင်ငွေရရှိနေ စပါးမျိုးဖြစ်ကြောင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးအောင်မျိုးဝင်းက ရှင်းပြသည်။
ပေါင်းတည်မြို့နယ်တွင် နွေစပါးစိုက်ပျိုးထုတ်လုပ်ရန် ဝဲကြီးရေလှောင်တမံမှ စိုက်ပျိုးရေရယူကာ နှစ်စဉ်စိုက်ပျိုးလျက်ရှိပြီး ယခုနှစ် နွေစပါးဧကပေါင်း နှစ်သောင်းကျော် စိုက်ပျိုးခဲ့ပြီး တချို့စိုက်ခင်းများကို ရိတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရသည်။
ရွှေသား(ပြန်/ဆက်)