မြောင်းမြမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

မြောင်းမြ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲအချိန်က အ.ထ.က (၁) ကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက "ပြည်မြန်မာ" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး၊ မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြမြို့နယ်ပညာရေးမှူး ဦးမြင့်အောင်က “ကျောင်းနေအရွယ် ကလေးအားလုံး ပညာရေးမဝေးဖို့ ကျောင်းအပ်နှံကြစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံကြဖို့နှင့် ပညာရေးဆိုင်ရာ ကိစ္စရပ်များကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ကျောင်းသုံးပုံနှိပ်ပြဋ္ဌာန်း စာအုပ်များ၊ ဗလာစာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများအား တာဝန်ရှိသူများက ပေးအပ်ရာ ကျောင်းကိုယ်စားပြု ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ပြီး၊ မြောင်းမြမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေထက်ထက်က အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့် ရှောက်ရေးအသင်းအဖွဲ့မှ ဗလာစာအုပ် (၁၀)ဒါဇင်အား လှူဒါန်းရာ မြောင်းမြမြို့နယ် ပညာရေးမှူး ဦးမြင့်အောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။

ထို့နောက် အ.ထ.က (၆) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူမျာက “ဇာတိမာန်” သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနားကို မြောင်းမြ ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာကျောင်းမှ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇေယျာ (ပြန်/ဆက်)