ကံမမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဆောင်ရွက်

ကံမ မေ ၂၉

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ပညာသင်ကြားနေချိန်တွင် ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးအတွက် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ရေကန်များအား အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ခြင်ဆေးဖျန်းခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို ကျောင်းဖွင့်ချိန်မတိုင်မီ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအားလုံး၌ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)