ဒေးဒရဲမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများ၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဒေးဒရဲ မေ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို အရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းကစတင်၍ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီဌာနက တာဝန်ရှိသူများ ဦးဆောင်မှုဖြင့် အသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများက အခြေခံပညာကျောင်းများတွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ရေစည်၊ ရေအိုး၊ သောက်သုံးရေကန်များတွင် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများကို  စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ပညာသင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာဌာနများ ပူးပေါင်း၍  မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၂၂၁) တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ကျောင်းဖွင့်ချိန်အမီ စုပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အေဇာလင်း