ပုသိမ် မေ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ယင်းဆယ်ကျေးရွာတွင် အသေးစားဓာတ်အားပေးစနစ် ကျေးလက်မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးမြင့်စိုး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အသေးစားဓာတ်အားပေးစနစ် ကျေးလက်မီးလင်းရေး ဖွင့်ပွဲအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူးက ဖွင့်ပွဲအမှတ်တရလက်ဆောက်ပစ္စည်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံသို့ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကမ္ဗည်းမော်ကွန်းအား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး power house အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ အကအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
အဆိုပါ ယင်းဆယ်ကျေးရွာ အသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းအား ဦးစီးဌာနမှထောက်ပံ့ငွေကျပ် (၁၆၆၈.၆၇၁၄) သန်း၊ ကုမ္ပဏီရင်းနှီးမြုပ်နှံငွေကျပ် (၆၁၇.၀၉၇၆) သန်း၊ ကျေးရွာထည့်ဝင်ငွေကျပ်(၄၉၅.၃၅)သန်း၊ စုစုပေါင်းစီမံကိန်းကုန်ကျငွေ (၂၇၈၁.၁၁၉) သန်းဖြင့် ဆောင်ရွက်ခဲ့ပြီး (၂၂၄.၄ kWp) (၁၀၀ kW DG backup) ထုတ်လုပ်နိုင်ကာ အိမ်ခြေ (၂၀၇) အိမ်၊ အများပိုင်အဆောက်အဦ (၃)ခု၊ စက်မှုလုပ်ငန်း (၂၀)ခု၊ လမ်းမီးတိုင် (၁၅၄) တိုင်အား အကျိုးပြုပြီး မဟာဓါတ်အားလိုင်းစနစ်တွင် အသုံးပြုသည့်အတိုင်း ၂၄ နာရီပတ်လုံးအသုံးပြုနိုင်ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ရေကြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ ကျောင်းလာရောက်အပ်နှံမှု အခြေအနေများအားမေးမြန်းခဲ့ပြီး ကျောင်းသားကျောင်းသူများ အတန်းစဉ်ကူးပြောင်းမှုများပျက်ကွက်မှုမရှိစေရေး၊ ကျောင်းထွက်မှုမရှိစေရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ရာနှုန်းပြည့်ကျောင်းတက်ရောက်စေရေး ဆရာ၊ ဆရာမများ၊ မိဘများ၊ အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ရေတော်မိုးတော်စိုက်ဧက အားလုံး သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးရေး၊ ကြဲခင်းစနစ်လျော့နည်း ပပျောက်စေရေးအတွက် မျိုးစေ့၊ Drum Seeders၊ သွင်းအားစုများ၊ ပိုက်ဆံလျှော်မျိုးစေ့များ ပေးအပ်ပွဲနှင့် တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ဧရာဝတီတိုင်းဒေသကြီးအား စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ရာသီတွင် ကြဲခင်းစနစ်များ လျော့နည်းပပျောက်စေရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်သောကြောင့် စိုက်ပျိုးသီးနှံစုံ ပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ သီးနှံများစိုက်ပျိုးရာတွင် စိုက်ဧက၊ အထွက်နှုန်း၊ စာရင်းဇယားများ တိကျမှန်ကန်စေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား တိုးတက်ရေးအတွက် ရိုးပြတ်ကျန် ဧကများဖော်ထုတ်၍ တစ်နှစ်သုံးသီး စိုက်ပျိုးနိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ယခုနှစ် မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇) သိန်းအား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) များ ထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ကျုံပျော်ခရိုင်သည် စိုက်ပျိုးရေးဖြစ်ထွန်းသည့် ခရိုင်ဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင် ဖြစ်ထွန်းရေး၊ စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်းရောက်ရှိရေး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများထံသို့ Drum Seeders များကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ပိုက်ဆံလျှော်မျိုးစေ့များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သွင်းအားစုများကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အခမ်းအနားသို့တက်ရောက်လာသည့် တောင်သူ များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး ခင်းကျင်းပြသထားသည့် စိုက်ပျိုးရေးသွင်းအားစုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
လှမင်းထွဋ် (ပြန်/ဆက်)
 
     
     
     
     
    