ဆိပ်ဖြူ မေ ၂၉
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက အနောက်ပိုင်းရပ်ကွက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် တစ်နှစ်ပတ်လုံးကူစက်နိုင်ပြီး (Aedes) ခြင်ကျားကိုက်ခြင်းမှတစ်ဆင့် ကူးစက်တတ်သည့် ရောဂါဖြစ်ကာ မိုးရာသီကာလတွင် ရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပွားကြောင်း၊ အဆိုပါရောဂါသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်ပြီး အသက်(၁၅)နှစ်အောက် အထူးသဖြင့် အသက် (၅)နှစ်မှ (၉)နှစ်အတွင်းရှိ ကလေးငယ်များဖြစ်ပွားမှုများပြီး အသက်(၁၅)နှစ်အထက် လူကြီးများတွင် ရောဂါဖြစ်ပွားပါက အသက်အန္တရာယ်သေဆုံးမှုအထိ မြင့်မားသည်ကို တွေ့ရှိရသည့်အတွက် ဒေသခံပြည်သူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ရည်ရွယ်၍ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များပူးပေါင်း၍ ရပ်ကွက်နေပြည်သူများ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ဆောင်ရွက်နိုင်ရေးအတွက် နေအိမ်အတွင်းရှိ သောက်သုံးရေကန်၊ ရေအိုး၊ ဘုရားပန်းအိုးများ ခြင်ပေါက်ဖွားနိုင်သည့် လောက်လန်းပိုးလောင်းများ ရှိ/မရှိ စစ်ဆေးခြင်း၊ အဘိတ်များဆေးခတ်ခြင်း၊ လူနေအိမ်ပတ်ဝန်ကျင်ရှိ စွန့်ပစ်အမှိုက်များ၊ အိုးခွက်ပန်ကန်ဟောင်းများနှင့် မော်တော်ယာဉ်မှ တာယာဟောင်းများ စနစ်တကျစွန့်ပစ်ရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်းတို့ကို စနစ်တကျဆောင်ရွက်သွားရန်နှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများလိုက်နာဆောင်ရွက်ရေး ကျန်းမာရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ ရှင်းလင်းပြောကြားပေးပြီး သွေလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကိုဇွဲ(အညာမြေ)
