ဇီးကုန်း မေ ၂၉
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားစေရန်၊ အလုပ်အကိုင် အခွင့်အလမ်း တိုးတက်စေရန်နှင့် မိသားစုဝင်ငွေ တိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်သမား၊ ပန်းရံ သင်တန်းကို ယနေ့နံနက်က ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ဖွင့်လှစ်ခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးလွင်စိုးက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ဦးစီးမှူး ဦးပြည့်ဖြိုးအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းသားများကို သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်၍ သင်တန်းအား ဆက်လက်ပို့ချပေးခဲ့ကြသည်။
အဆိုပါသင်တန်းတွင် ကျေးလက်ဒေသမှ စိတ်ပါဝင်စားသူ (၂၀)ဦး တက်ရောက်လျက်ရှိပြီး၊ သင်တန်းကာလ မေလ (၂၉) ရက်နေ့မှ ဇွန်လ (၁၇) ရက်နေ့အထိ ပန်းရံလုပ်ငန်းဆိုင်ရာ အခေါ်အဝေါ်များနှင့် လုပ်ငန်းသုံးကိရိယာအသုံးပြုပုံ၊ အုတ်စီနည်း၊ အုတ်ဖိနပ်နှင့် အုတ်တိုင်များအကြောင်း၊ ဘိလပ်မြေဖျော်စပ်နည်းနှင့် ကွန်ကရစ်များအကြောင်းနှင့် လက်သမားသုံး ကိရိယာများ ကိုင်တွယ်အသုံးချပုံ၊ သစ်သားအဆက် ပြုလုပ်နည်းများနှင့် ပြတင်းတံခါးပြုလုပ်နည်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)
 
    