သရက်ချောင်း မေ ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော (၂၀၂၄–၂၀၂၅)ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက သရက်ချောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားကို (အ-ထ-က) သရက်ချောင်းကျောင်းမှ ကျောင်းသား/သူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နှုတ်ခွန်းဆက်အမှာစကားပြောကြားရာတွင် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ဖြင့်သာ အဓိကဆောက်တည်ရခြင်းဖြစ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အသိပညာ၊ အတတ်ပညာပြည့်စုံသည့် ပညာတတ်များ ပေါ်ထွက်လာစေရန် အလေးထားဆောင်ရွက်နေသကဲ့သို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းနေရေး၊ ကျောင်းသား/သူများအားလုံး အနည်းဆုံး အလယ်တန်းအဆင့် (KG+9) ပြီးမြောက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိကြောင်း၊ မိမိရင်သွေးငယ်များ အနာဂတ် ပညာရေးတိုးတက်လာ၍ အမှား/အမှန် ဝေဖန်ပိုင်းခြားနိုင်အောင် ကျောင်းသားမိဘတိုင်းက ကျောင်းအမြန်အပ်နှံကြဖို့ တိုက်တွန်းကာ အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဆရာကြီးဦးဌေးအောင်က ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကျောင်းအပ်လက်ခံပေးနေသည့် အခြေအနေများ၊ ကျောင်းသား/ကျောင်းသူများအတွက် ထောက်ပံ့ပေးအပ်မှုများနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် (၃၇)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေထားသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာနှင့် ကျောင်းဝတ်စုံများ ကျောင်းသား/သူများအား ထောက်ပံ့ပေးအပ်ကာ ကျောင်းသား/ကျောင်းသူများ၏ ဇာတိမာန် သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချူပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီး၊ ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးအောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သရက်ချောင်းမြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ရပ်မိ/ရပ်ဖများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)