ကန့်ဘလူ နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား နိုင်ငံတော်အစိုးရအနေဖြင့် ပဥ္စမအကြိမ်မြောက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီခွဲခန့်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ကန့်ဘလူမြို့နယ်ရှိ တိုက်နယ်ရှစ်ခုမှ တိုက်နယ်ခေါင်းဆောင် ဌာနဆိုင်ရာ များကိုလွှဲပြောင်းပေးအပ်ခဲ့ပြီး ဆက်လက်၍ တိုက်နယ်ခေါင်းဆောင်များက ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပုံမှန်ဝင်ငွေမရှိသောအိမ်ထောင်စုများသို့ ဆက်လက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှသိရသည်။
ကန့်ဘလူမြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု တစ်စုလျှင် ငွေကျပ်၂၀၀၀၀ နှုန်းဖြင့် အိမ်ထောင်စု ၆၆၄၄၉ စုအတွက် ၁၃၂၈၉၈၀၀၀၀ ကျပ်အား နိုင်ငံတော် မှထောက်ပံ့ပေးခြင်းဖြစ်ရာ အဆိုပါထောက်ပံ့ငွေများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်ဇော်ထက်နှင့်တာဝန်ရှိသူများက သက်ဆိုက်ရာတိုက်နယ် ခေါင်းဆောင်များထံ ပေးအပ်ခဲ့ပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပုံမှန် ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ လက်ဝယ်အရောက် ထောက်ပံ့ပေး အပ်သွား မည်ဖြစ်ကြောင်းသိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)