ငါးသိုင်းချောင်း နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ ဈေးများနှင့် မြို့တွင်းရှိ ဈေးဆိုင်ခန်းများတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး သတ်မှတ်ညွှန်ကြားချက်များ၊ သတ်မှတ်ချိန်များအတိုင်း ရောင်းချရန်နှင့် နိုဝင်ဘာလ ၃၀ ရက်နေ့အထိ ဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် သက်ဆိုင်ရာကကြေညာချက် ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ နယ်မြေရဲတပ်ဖွဲ့၊ နယ်မြေမီးသတ်တပ်ဖွဲ့၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က မြို့တွင်းရှိ ဈေးဆိုင်များသို့ ရှောင်တခင်လှည့်လည် စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ မြို့တွင်းရှိဈေးဆိုင်များ စနစ်တကျ ရောင်းချခြင်း ရှိ/မရှိကို မြို့အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ဌေးနှင့် မြို့စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်ညွန့်တို့ ဦးဆောင်သော စည်းကမ်းထိန်းသိမ်းရေး ပူးပေါင်းအဖွဲ့က မြို့တွင်းရှိ ဈေးဆိုင်များသို့ လှည့်လည်စစ်ဆေး အသိပညာပေး ဆောင်ရွက်ခြင်း၊ ရှောင်တခင် စစ်ဆေး ဆောင်ရွက်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ သတ်မှတ် ညွှန်ကြားချက်များအတိုင်း ဖွင့်လှစ်ရောင်းချခြင်း မရှိသည့် မြို့သစ်ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ စားသောက်ဆိုင် (၁)ဆိုင်နှင့် မြို့မရပ်ကွက်၊ သုခလမ်းရှိ လက်ဖက်ရည်ဆိုင်(၁)ဆိုင်အား သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအတိုင်း ဈေးဆိုင်ဖွင့်လှစ်ခွင့်အား ရက်အကန့်အသတ်ဖြင့် ယာယီပိတ်သိမ်း အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ကဏ္ဌအလိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
စိုးမင်းဦး(ပြန်/ဆက်)