မြဝတီ မေ ၂၈
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး တောင်သူများအား ၂၀၂၄-၂၀၂၅ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ကော်ဖီပျိုးပင်များနှင့် ပိုက်ဆံလျှော် မျိုးစေ့များ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး၌ ကျင်းပခဲ့ရာ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ကြသည်။
ပေးအပ်ပွဲတွင် မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂) ဦးစီန်သောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးတင်နိုင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းရွှေ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ရပ်ကွက် ၅ ခုမှ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာစိုက်ပျိုးရေး တောင်သူများအား စိုက်ဧက ၂၅ ဧကအတွက် ကော်ဖီပျိုးပင် ၁၀၈၈၂ ပင်နှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်များကို တစ်ဦးချင်းအလိုက် ပေးအပ်သည်။
ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသန်းရွှေက စိုက်ပျိုးရေးတောင်သူများအတွက် ကော်ဖီပျိုးပင်ပေးအပ်ရခြင်းနှင့် အပင်ရှင်သန်ကြီးထွားစေရန် စိုက်ပျိုးမှုပုံစံအဆင့်ဆင့်၊ ဂရုပြုရမည့် အချက်များနှင့် ပိုက်ဆံလျှော်မျိုးစေ့ အသုံးပြုပုံတို့ကို ရှင်းလင်းပြောကြားပေးပြီး မိသားစုဝင်ငွေတိုးစေဖို့ ကော်ဖီစိုက်ပျိုးကြပါစို့နှင့် ပိုက်ဆံလျှော်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)