အုတ်ဖို မေ ၂၈
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် အုတ်ဖိုမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်က အခြေခံပညာအထက်တန်းကျောင်း (အုတ်ဖို) ဧရာခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်း (အုတ်ဖို) မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာ့ကျောင်းသားသီချင်းဖြင့် အခမ်းအနားအားဖွင့်လှစ်ပြီး မြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းဇော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်ယဉ်ယဉ်လှိုင်က ကျောင်းအပ်နှံရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံတော်မှအခမဲ့ထောက်ပံ့သည့် မူလတန်းကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ဘော့ပင်၊ ခဲတံများကို ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ပေးအပ်သည်။
အုတ်ဖိုမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၅) ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (၈) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၄) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ (၉) ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း (၂၀) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၁၂၁) ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (ခွဲ) (၁)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၂) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်း (၇) ကျောင်း စုစုပေါင်း (၁၈၇) ကျောင်းတို့၌ ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၏ ဆောင်ပုဒ်ဖြစ်သော ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့ ဆောင်ပုဒ်နှင့်အညီ မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ကျောင်းအပ်လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)