ရွှေကျင် မေ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေး အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က အ-ထ-က (ရွှေကျင်)ကျောင်း ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားတွင် အ.ထ.က (ရွှေကျင်)ကျောင်း ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြစ် သီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမင်းသူက အဖွင့်အမှာစကားပြောကြားရာတွင် ကလေးငယ်များ ပညာရေးနှောက်နှေးမှုမရှိစေဘဲ ပညာသင်ကြားနိုင်စေရေး၊ နိုင်ငံတော်မှ ပညာရေးဆိုင်ရာ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရခြင်းအကြောင်းများကို ပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ဦးက ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းသို့ရောက်ရှိရေး၊ ကျောင်းအပ်နှံရာတွင် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ လိုက်နာရမည့် စည်းမျဥ်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံတော်မှ ပညာရေးဆိုင်ရာ ထောက်ပံ့ပစ္စည်းများနှင့် မြို့နယ်အတွင်းရှိ အလှူရှင်များမှ လှူဒါန်းပေးသော ပညာရေးဆိုင်ရာ ထောက်ပံ့ပစ္စည်းများအား တာဝန်ရှိသူများကပေးအပ်ရာ ဆရာ၊ ဆရာမများက လက်ခံရယူခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူမိဘများနှင့် ကျောင်းအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)