ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာတွင် နာနတ်သီးများပေါ်ချိန်ဖြစ်၍ မိသားစုအပိုဝင်ငွေရရှိ

ရှမ်းရွာသစ်   မေ ၂၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ ကျေးရွာအုပ်စုများရှိ ဒေသနေပြည်သူအများစုသည် တောင်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး မဲသမူးကျေးရွာအုပ်စု မဲသမူးကျေးရွာတွင် မိသားစုအပိုဝင်ငွေရရှိရေးအတွက် တစ်ပိုင်တစ်နိုင် ဉယျာဉ် ခြံမြေများတွင် နာနတ်ပင်များ စိုက်ပျိုးထားရာ ယခုအချိန်သည် နာနတ်သီးများရင့်မှည့်ချိန်ဖြစ်၍ ခူးယူရောင်းချသူများ အပိုဝင်ငွေရရှိနေကြောင်း သိရသည်။

နာနတ်သီးသည် ဆေးဖက်လည်းဝင်ပြီး အာဟာရဓာတ်ကြွယ်ဝသော အသီးဖြစ်သောကြောင့် ဒေသနေပြည်သူများကြိုက်နှစ်သက်ကြောင်း၊ နာနတ်ပင်သည် ရေဝပ်သည့်နေရာကိုကြောက်သောကြောင့် မြေပြုပြင်ရာတွင် ရေထုတ်မြောင်းများလည်း ကောင်းစွာပြုလုပ်ပြီးမှ စိုက်ပျိုးရကြောင်း၊ နွားချေးနှင့် မြေစေးများချေပြီး မြေကိုကောင်းစွာသမ၍ အနံလေးပေ၊ အမြင့်တစ်ပေခန့်မြေပေါင်ပြုလုပ်၍ တစ်ပင်နှင့်တစ်ပင် သုံးပေခန့်ခွာ၍ စိုက်ပျိုးရကြောင်း၊ နာနတ်သီးအရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် ငွေကျပ်(၂၀၀၀) ကျပ်မှ (၃၀၀၀)ကျပ်အထိရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ဒေသနေပြည်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

ရှမ်းရွာသစ်မြို့တွင်မြို့ပေါ်(၄)ရပ်ကွက်နှင့်ကျေးရွာအုပ်စု(၉)အုပ်ရှိပြီး ကျေးရွာအများစုတွင် တစ်ပိုင်တစ်နိုင်နာနတ်ပင်များစိုက်ပျိုးထားသောကြောင့် ယခုအချိန်သည် နာနတ်သီးများရင့်မှည့်ပြီး ခူးဆွတ်ချိန်ဖြစ်သောကြောင့် ဒေသနေပြည်သူများအနေဖြင့် အပိုဝင်ငွေရရှိချိန်လည်းဖြစ်ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)