ပေါက်ခေါင်း မေ ၂၈
၁၉၅၃ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မြေယာကျေးလက်ကြီးပွားတိုးတက်ရေးကော်ပိုရေးရှင်းမှ သစ်တောစိုက်ခင်းများစတင်တည်ထောင်ခဲ့ပြီး ၁၉၆၃ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ သစ်တောဦးစီးဌာနမှ ဆက်လက်တာဝန်ယူစိုက်ပျိုးလုပ်ကိုင်ခဲ့ပါသည်။ ၁၉၉၄ ခုနှစ်တွင် အထူးဒေသ(၉)ခရိုင်စိမ်းလန်းစိုပြည်ရေး၊ ၁၉၉၅ ခုနှစ်တွင် (၁၃)ခရိုင် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၁၉၉၇ ခုနှစ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်းစဉ်များကို တစ်စိုက်မတ်မတ်ဆောင်ရွက်ခဲ့ပါသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် နှစ်(၃၀)အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး ဘက်စုံစီမံကိန်း(၂၀၀၁-၂၀၀၂ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ)ရေးဆွဲပြီး သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ထင်းအစား အခြားလောင်စာများတိုးမြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေးအကောင်အထည်ဖော်ဆောင်ရွက်ခြင်းများ၊ သစ်တောဦးစီးဌာနအနေဖြင့်လည်း နှစ်(၃၀)အမျိုးသားပင်မစီမံကိန်း(၂၀၀၁-၂၀၀၂ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ)၊ မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း(၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ)ရေးဆွဲလျက် အပူပိုင်းဒေသအပါအဝင်ဂေဟစနစ်အမျိုးမျိုးရှိ တောနိမ့်၊ တောပျက်များတွင် စီးပွားရေးစိုက်ခင်းများ၊ ရေဝေရေလဲထိန်းသိမ်းရေးစိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ စက်မှုကုန်ကြမ်းစိုက်ခင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောစိုက်ခင်းများ၊ သီးနှံသစ်တောရောနှောစိုက်ခင်းများ၊ မြို့ပြသစ်တောများတည်ထောင်ခြင်း၊ သစ်တောဉယျာဉ်များတည်ထောင်ခြင်း၊ မြစ်ချောင်းအင်းအိုင်ပတ်ဝန်းကျင်နှင့် ကမ်းရိုးတန်းတစ်လျှောက် သဘာဝသစ်ပင်သစ်တောဂေဟစနစ်များ ထိန်းသိမ်းရေးတို့ကိုဆောင်ရွက်လျက်ရှိပါသည်။ တစ်ဖက်မှလည်း သစ်တောဉပဒေ၊ ဇီဝမျိုးစုံမျိုးကွဲနှင့်သဘာဝနယ်မြေများထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုင်ရာ ဉပဒေများနှင့်အညီ စနစ်တကျစီမံအုပ်ချုပ်နိုင်ရန် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ တိုးချဲ့ဖွဲ့စည်းပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်လျက် သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း ပြည်သူများမှလည်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးနိုင်ပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။
သဲကန္တာရဖြစ်ထွန်းခြင်းအဓိပ္ပာယ်၊ ဖြစ်ပေါ်လာရသည့်အကြောင်းအရင်းနှင့်ဖြစ်ပေါ်လာနိုင်သည့်အကျိုးဆက်များ၊ သဲကန္တာရဖြစ်ထွန်းခြင်းဆိုသည်မှာ ပူပြင်းခြောက်သွေ့သည့် နေရာဒေသများ၊ အလယ်အလတ်ပူပြင်းခြောက်သွေ့သည့်နေရာဒေသများနှင့် ခြောက်သွေ့စိုစွတ်သောနေရာဒေသများတွင် ရာသီဉတုပြောင်းလဲခြင်းနှင့် လူသားတို့၏လုပ်ဆောင်ချက်များကြောင့် မြေဆီလွှာအရည်အသွေးကျဆင်းခြင်းဖြစ်စဉ်ကို ခေါ်ဆိုကြောင်း ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်းက အနက်ဖွင့်ဆိုထားပါသည်။
ကမ္ဘာမြေဧရိယာ၏ ၃၅ ရာခိုင်နှုန်းသည် သဲကန္တာရဖြစ်ထွန်းခြင်းနှင့် ကြုံတွေ့ရလျက်ရှိပြီး စိုက်ပျိုးမြေအလွန်အကျွံချဲ့ထွင်ခြင်း၊ စားကျက်ချခြင်း၊ သတ္တုတူးဖော်ခြင်း၊ ဆည်တမံများတည်ဆောက်ခြင်း၊ မြို့ရွာများချဲ့ထွင်ခြင်းနှင့် သစ်တောပြုန်းတီးခြင်းစသည့်လုပ်ရပ်များကြောင့် သဲကန္တာရဖြစ်ထွန်းလာခြင်းဖြစ်ကြောင်း၊ သစ်တောများ၏နှစ်စဉ်တိုးပွားမှုနှုန်းထက် ခုတ်ယူသုံးစွဲမှုသည် ပိုမိုများပြားလာပါက သစ်တောပြုန်းတီးပြီး ရာသီဉတုပြောင်းလည်းဖောက်ပြန်ခြင်း၊ မိုးခေါင်ရေရှားခြင်းတို့မှတစ်ဆင့် တဖြည်းဖြည်း သဲပင်လယ်၊ သဲကန္တာရများဖြစ်ပေါ်လာနိုင်ပါသည်။
သဲကန္တာရဖြစ်ထွန်းခြင်းကြောင့် စိုက်ပျိုးသီးနှံအထွက်နှုန်းများကျဆင်းလာခြင်း၊ မွေးမြူရေးလုပ်ငန်းများတွင် တိုးပွားမှုနှုန်းလျော့နည်းလာခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများနည်းပါးပြီး လူမှုစီးပွားရေးအခက်အခဲများတိုးပါးလာခြင်း၊ ကျန်းမာရေးဆိုင်ရာပြဿနာများဖြစ်ပေါ်လာပြီး နိုင်ငံ၏လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်လာစေနိုင်ပါသည်။
သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေးနှင့်ပက်သက်၍ ကမ္ဘာ့နိုင်ငံများ၏ဆောင်ရွက်မှုနှင့် မြန်မာနိုင်ငံ၏သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး ဆောင်ရွက်နေမှုများ သဲကန္တာရဖြစ်ထွန်းမှုသည် ကမ္ဘာမြေဧရိယာ၏ ၃၅ ရာခိုင်နှုန်းနှင့်ကမ္ဘာ့လူဦးရေ၏ ၃၂ ရာခိုင်နှုန်းရင်ဆိုင်နေရသည့် ကမ္ဘာလုံးဆိုင်ရာပြဿနာတစ်ရပ်ဖြစ်သည်နှင့်အညီ ကမ္ဘာ့လူသားများအနေဖြင့် ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း(United Nations Convention to Combat Desertification - UNCCD)ကို ၁၉၉၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှ ၁၅ ရက်နေ့အထိ ပြင်သစ်နိုင်ငံ ပါရီမြို့တွင် နိုင်ငံပေါင်း ၈၅ နိုင်ငံမှလက်မှတ်ရေးထိုးပြီး စတင်ဖွဲ့စည်းခဲ့ရာ ယခုလက်ရှိအချိန်အထိ နိုင်ငံ၊ အဖွဲ့အစည်းပေါင်း ၂၉၇ ခုမှ လက်မှတ်ရေးထိုးပြီး သဲကန္တာရဖြစ်ထွန်းခြင်း လျော့နည်းပပျောက်စေရေးအတွက် တိုက်ဖျက်ဆောင်ရွက်လျက်ရှိပါသည်။ အထက်ဖေါ်ပြပါ နိုင်ငံ၊ အဖွဲ့အစည်းပေါင်း ၁၉၇ ခုအနက် နိုင်ငံပေါင်း ၇၀ တွင် နိုင်ငံအဆင့်သဲကန္တာရတိုက်ဖျက်ရေးစီမံချက်များရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၏ အပူပိုင်းဇုံအတွင်းကျရောက်သော မြို့နယ်များသည် မိုးရေချိန်လက်မ ၄၀ အောက်သာရရှိပြီး အပူချိန် ၄၇.၂ ဒီဂရီဆဲလ်စီးယက်အထိမြင့်မားပြီး ခြောက်သွေ့ကာလမှာလည်း နိုဝင်ဘာလမှ မေလအထိ ကြာရှည်သဖြင့် မြေဆီလွှာတိုက်စားမှုများပြားပြီး၊ အပေါ်ယံမြေဆီလွှာ ကုန်ခန်းခြင်းကြောင့် အပင်များသည် သဘာဝအလျောက်မျိုးဆက်ရန် ခက်ခဲပါသည်။ သို့ဖြစ်သည့်အတွက်ကြောင့် မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇန်နဝါရီလတွင် ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်းဗင်းရှင်း (United Nations Convention to Combat Desertification - UNCCD ) အဖွဲ့ဝင်နိုင်ငံဖြစ်လာပြီး အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ Focal ဌာနအဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည် "ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေးကွန်းဗင်းရှင်း" အဖွဲ့ဝင်နိုင်ငံဖြစ်သည်နှင့်အညီ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် သစ်တော စိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များပြုစုထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
သန်းထွန်းအောင်(ပြန်/ဆက်)
ကိုးကား- မြို့နယ်သစ်တောဦးစီးဌာန