ဘားအံ မေ ၂၈
ယခုနှစ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကရင်ပြည်နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၁၂၀၈ ကျောင်း ဖွင့်လှစ်သွားရန် စီမံဆောင်ရွက်လျက်ရှိပြီး မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ထိကို ကျောင်းအပ်နှံရေးသီတင်းပတ် အဖြစ်သတ်မှတ်၍ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ကရင်ပြည်နယ်တွင် ကျောင်းအပ်စတင်လက်ခံသည့် ပထမ(၅)ရက်အတွင်း ကျောင်းသား၊ကျောင်းသူ ၁၃၈၄၉၉ ဦး လာရောက်ကျောင်းအပ်နှံကြကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။
ထို့သို့ ကျောင်းသား၊ကျောင်းသူများနှင့်ကျောင်းသားမိဘများမှ လာရောက်ကျောင်းအပ်နှံနေမှု အခြေအနေများကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက မေလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများ၏ ကျောင်းအပ်လက်ခံပေးနေမှု၊ နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့ပေးသည့် ဗလာစာအုပ်၊ ပုံနှိပ်စာအုပ်၊ ဘောပင်၊ ခဲတံနှင့် ကျောင်းဝတ်စုံများ စနစ်တကျထုတ်ပေးနေမှုအခြေအနေ၊ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့နှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက ကျောင်းအပ်နှံရေး ကူညီဆောင်ရွက်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသားမိဘများ၊ ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးနေမှုနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးနေမှုအခြေအနေများကို လိုက်လံကြည့်ရှုအားပေးပြီး ကျောင်းသားမိဘများနှင့် ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)