တန့်ဆည် နိုဝင်ဘာ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၌ နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးသော ပုံမှန်ဝင်ငွေနည်းပါးသည့် အခြေခံ လူတန်းစားများအား ပဉ္စမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်နိုင်ရေးအတွက် ရပ်ကွက် ကျေးရွာအုပ်စုထောက်ပံ့ငွေပေးအပ်ရေးအဖွဲ့ထံသို့ ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်မောင်မောင်စိုးက နိုင်ငံတော်အစိုးရမှ ထောက်ပံ့ငွေများပေးအပ်ရာတွင် တိကျ မှန်ကန်မှု ရှိစေရေးနှင့် အလွဲသုံးစားမှုများ မဖြစ် ပေါ်စေရန်အတွက် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်အတူ ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ကြရန် အမှာစကားပြောကြားကာ သက်ဆိုင်ရာ ထောက်ပံ့ရေးအဖွဲ့ထံသို့ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
တန့်ဆည်မြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဝင်ငွေနည်းပါးသည့် အခြေခံ လူတန်းစားများအား အဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀) နှုန်းဖြင့် ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၈၀၄၅)စုအတွက် ငွေကျပ်သိန်းပေါင်း (၃၆၀၉) သိန်းအား သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ တာဝန် ရှိသူများက ပြည်သူများ လက်ဝယ် အရောက် ထောက်ပံ့ငွေများကို ဆက်လက် ထောက်ပံ့ပေး သွားမည်ဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ငြိမ်းမင်းထွန်း(တန့်ဆည်)