ကံမ နိုဝင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် စတုတ္ထအကြိမ်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများအား မြို့နယ်အတွင်း တိုက်နယ်အလိုက်ခွဲ၍ သွားရောက်ထောက်ပံ့ရာတွင် အခြေခံလူတန်းစားများလက်ဝယ်သို့ ရောက်ရှိရေး အထူးအလေးထားဆောင်ရွက်သွားရန် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းသိန်းက သက်ဆိုင်ရာ တိုက်နယ်အလိုက် ခွဲဝေ တာဝန်ပေးထားသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား မှာကြားခဲ့သည်။ မြို့နယ်အတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု ၁၁၁၆၀ စု အတွက် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂၀၀၀၀ နှုန်းဖြင့် ငွေကျပ် ၂၂၃၂ သိန်း အား နိုင်ငံ တော်မှ ထောက်ပံ့ခြင်းဖြစ်ရာ ထောက်ပံ့ငွေမျာကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက သက်ဆိုင်ရာ နယ်မြေအလိုက် ခွဲဝေ တာဝန်ပေးအပ် ထားသော အဖွဲ့ခေါင်းဆောင်များထံသို့ ပေးအပ်ခဲ့ကြောင်းသိရသည်။
ကျော်ဇေယျဝင်း(ကံမ)