လှိုင်းဘွဲ မေ ၂၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် “ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့၊ ကျောင်းအပ်နှံကြပါစို့" ဟူသောဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေးသီတင်းပတ်လှုပ်ရှားမှုအနေဖြင့် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားနှင့် အခြေခံပညာစာသင်ကျောင်းများအား လိုအပ်သည်များ ဆောင်ရွက်နိုင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို လှိုင်းဘွဲမြို့ အခြေခံ ပညာအထက်တန်းကျောင်း၏ ပန်းဝတ်မှုံခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားကို လှိုင်းဘွဲမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူလေးများက “မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားပေးခဲ့သည်။ ထို့နောက်မြို့နယ်ပညာရေးမှူး ဦးစောခင်းစလေက ကျောင်းအပ်နှံရေးနေ့နှင့် ပတ်သက်၍ အခြေခံပညာသင် ဆရာ၊ဆရာမများ၏ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ မြို့နယ်အတွင်းရှိ အခြေခံပညာ စာသင် ကျောင်းများအတွက် လိုအပ်ချက်များကို ပါဝင်ကူညီလှူဒါန်းပေးသော စေတနာရှင်ကျောင်းသားမိဘများ၏ လှူဒါန်းပေးသည့် အကြောင်းအရာများကိုရှင်းလင်းတင်ပြ၍ ကျေးဇူးတင်စကားပြောကြားပေးခဲ့သည်။
ထို့နောက် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူလေးများအတွက် ကျောင်းသုံးထောက်ပံ့ပစ္စည်းများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအတွက် လိုအပ်သည့် တစ်နှစ်စာသောက်ရေသန့်အလှူငွေ၊ ကျောင်းဝေယျာဝစ္စအလှူငွေ၊ ကျောင်းခြံစည်းရိုး အုတ်တံတိုင်းကာရံခြင်းအတွက် အလှူငွေ၊ ကျောင်းဆောင်ကူး စင်္ကြန်လမ်းခင်းခြင်းအတွက်အလှူငွေ၊ ကျောင်းဝင်းစက်ဘီးထားရန်အတွက် အလှူငွေ၊ ကျောင်းအားကစားပစ္စည်းများဝယ်ယူရန်အတွက် အလှူငွေ စုစုပေါင်းငွေကျပ် ၁၁၇သိန်းနှင့် ၅ သောင်းကို စေတနာရှင်ကျောင်းသားမိဘများက ပေးအပ်လှူဒါန်းရာ သက်ဆိုင်သည့် ကျောင်းအုပ်ဆရာမကြီးများက လက်ခံရယူပေးခဲ့ကြပြီးလှိုင်းဘွဲမြို့ အခြေခံပညာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဝင်းရွှေက ကျေးဇူးတင်စကားပြောကြားပေးခဲ့ကြောင်း သိရသည်။
စောဒိ( ပြန် / ဆက်)