ရွှေသဲကုန်း ဓမ္မစကူးလ် (တနင်္ဂနွေ) အပတ်စဥ်ဗုဒ္ဓဘာသာ၊ သင်တန်းကျောင်းတွင် ကျောင်းအပ်လက်ခံခြင်းဆောင်ရွက်

သဲကုန်း မေ ၂၇

ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် သဲကုန်းမြို့နယ်တွင် အရှင်ဣန္ဒ (ရွှေသဲကုန်းဓမ္မစကူးလ်တာဝန်ခံဆရာတော်) ဦးဆောင်မှုဖြင့် ရွှေသဲကုန်း ဓမ္မစကူးလ် (တနင်္ဂနွေ) အပတ်စဥ်ဗုဒ္ဓဘာသာ၊ သင်တန်းကျောင်း၌ ကျောင်းအပ်လက်ခံခြင်းကို ပေါက်တောရပ်၊ ရွှေဘုန်းရှိန်ဘုရားလမ်း၊ တပ်မင်္ဂလာတိုက်ကျောင်းတွင် ယနေ့နံနက် ၈ နာရီအချိန်မှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဓမ္မစကူးလ်သင်တန်းကျောင်းတွင် တက်ရောက်လိုသူများအနေဖြင့် ဓါတ်ပုံ ၃ ပုံ (ပတ်စပို့အရွယ်အစား)၊ မွေးသက္ကရာဇ်တို့ကို ကျောင်းဝင်ခွင့်အဆိုပြုလွှာတွင် ပြည့်စုံမှန်ကန်စွာဖြည့်ရမည်ဖြစ်၍ မိဘ၊ အုပ်ထိန်းသူကိုယ်တိုင် လာရောက်အပ်နှံရမည်ဖြစ်ပြီး လိုအပ်သည်များကို ရွှေသဲကုန်းဓမ္မစကူးလ် တာဝန်ခံဆရာတော် အရှင်ဣန္ဒနှင့်ကော်မတီဝင်များ၊ သင်​ကြားရေးဆရာ၊ ဆရာမများက ကူညီဆောင်ရွက် ပေးလျက်ရှိသည်။

ရွှေဓမ္မစကူးလ်သင်တန်းကျောင်းတွင် သဲကုန်းမြို့နယ်အတွင်းရှိ (KG) တန်းမှ (Grade-9) တန်းအထိ ကျောင်းသား၊ ကျောင်းသူများအား သက်ဆိုင်ရာ အတန်းလိုက် သင်ခန်းစာ စာအုပ်များကိုကလေးများ၏ ဉာဏ်ရည်အလိုက် ရဟန်းပညာရှိ၊ လူပညာရှိများ စုပေါင်းတိုင်ပင်၍ ရေးဆွဲထားသဖြင့် ကလေးများပျော်ရွှင်၍ ဉာဏ်ရည်ထက်မြက်လာစေမှာဖြစ်ကြောင်း၊ ကိုယ်ရောစိတ်ပါ ပြုပြင်ထားသော လူငယ်လေးများ ဖြစ်လာရန်ရည်ရွယ်၍ သင်ကြားရပေးခြင်းဖြစ်ကြောင်း၊ အသိဉာဏ် ပြည့်ဝပြီး တိုင်းပြည်နှင့်လူမျိုးကို စောင့်ရှောက်ကြမည့် သားကောင်း၊ သမီးကောင်းများ ဖြစ်စေရန်ရည်ရွယ်၍ ဓမ္မစကူးလ်သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ပြီး ရွှေသဲကုန်း ဓမ္မစကူးလ် တနင်္ဂနွေ အပတ်စဥ်ဗုဒ္ဓဘာသာ၊ သင်တန်းကျောင်းကို (၂.၆.၂၀၂၄) မှစတင်ကာအပတ်စဥ် တနင်္ဂနွေနေ့တိုင်း နံနက်(၈)နာရီမှ (၁၁) နာရီအချိန်အထိ သင်တန်းနည်း​ပြ (၁၅)ဦး​ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ရွှေသဲကုန်းဓမ္မစကူးလ်ကော်မတီဝင်တစ်ဦးထံမှ သိရသည်။

ကိုကျော် (ပြန်/ဆက်)