သုံးခွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ

သုံးခွ မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က (၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အ.ထ.က (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ကျောင်းအပ်နှံရေးသီတင်းပတ် သီချင်းဖြင့်သီဆိုဖျော်ဖြေခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အမှာစကားပြောကြားရာတွင် နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ဖို့ လိုအပ်သော လူသားအရင်းအမြစ်များလေ့ကျင့်ပေးနိုင်ရန် တစ်နိုင်ငံလုံးကို အသိပညာ အတတ်ပညာဖွံ့ဖြိုးတိုးတက်စေဖို့နှင့် ပညာရှင်များ ထွန်းကားလာစေဖို့ လူတိုင်း သင်ကြားသင်ယူနိုင်သော ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မေလ ၂၃ ရက်နေ့မှ ဇွန် ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံပြီး ဇွန်လ ၃ ရက်နေ့တွင် ကျောင်းများ စတင်ဖွင့်လှစ်သွားမှာဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားပြီး မြို့နယ်ပညာရေးမှူး (လက်ထောက်ညွှန်ကြားရေးမှူး) ဆရာမကြီး ဒေါ်ဆန်းဆန်းဌေးမှ ကျောင်းနေအရွယ် ကလေးများ ကျောင်းနေရေးလုပ်ငန်းအစီအစဥ်နှင့်စပ်လျဥ်း၍ ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ မြို့မစခန်းမှူး ဒုရဲမှူးတင်ထွဋ်က မှုခင်းကျဆင်းရေး အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား ကျောင်းသူများအား နိုင်ငံတော်မှ (အခမဲ့) ဖြန့်ဝေသော ပုံနှိပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များနှင့် ကျောင်းဝတ်စုံများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ဆန်းဆန်းဌေးနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြသည်။ ထို့နောက် အ.ထ.က (၂) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်းသိရသည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူလင်း