ပုသိမ် နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရေးအတွက် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည်မြို့ အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် ဖြတ်သန်းသွားလာသည့် ခရီးသွားပြည်သူများနှင့် မော်တော်ယာဉ်များအား နေ့စဉ် ကြပ်မတ်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ယခုအခါ ပါတီစုံဒီမိုကရေစီ အထွထွေရွေးကောက်ပွဲ ကျင်းပပြီးစီးပြီး ဖြစ်သော်လည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက် လျက်ရှိသည်။
အဆိုပါ စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူများအား ခရီးစတင်ထွက်လာသည့် ဒေသနှင့် သွားရောက်မည့် ဒေသများကို မှတ်တမ်းရယူခြင်း၊ ခရီးသွားထောက်ခံစာ ပါ/မပါ စစ်ဆေးခြင်းတို့အပြင် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်ရေးနှင့် ပတ်သက်ပြီး အသိပညာပေးခြင်း၊ ဆိုင်ကယ်ဖြင့် ခရီးသွားပြည်သူများအား ဆိုင်ကယ်ဦးထုတ် ဆောင်းရန်၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်ပြီး သွားလာကြရန် အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ထို့အပြင် မြို့တွင်းရှိ လမ်းစုံလမ်းခွများ၊ စျေးများတွင် နှာခေါင်းစည်းများ အခမဲ့ဝေငှခြင်း၊ Maskများ စနစ်တကျ တပ်ဆင်ပေးခြင်း၊ ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ပညာပေးပြောပြခြင်း၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန် ထားသောညွှန်ကြားချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသံချဲ့စက်များဖြင့် ကြေညာ ပေးခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)