ငွေဆောင်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ၊ နေအိမ်ပြင်ပထွက်ခွာသူများအား နှာခေါင်းစည်းများ တပ်ဆင်ရေး စစ်ဆေးကြပ်မတ်ခြင်းနှင့် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ငွေဆောင် နိုဝင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင်း နေထိုင်ကြသော ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးအတွက် နေအိမ်ပြင်ပသွားလာ၍ အလုပ်လုပ်နေကြသူများ၊ ကျန်းမာရေးကိစ္စဖြင့် မဖြစ်မနေ သွားလာ နေကြသူများနှင့် စျေးဝယ်ထွက်ကြသူများအား နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းနှင့် အသိပညာပေးခြင်းများကို ယနေ့နံနက် ၈ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ငွေဆောင်မြို့အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏဝင်းနှင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ မြို့တွင်းရှိ အ.ထ.က ငွေဆောင်ကျောင်းရှေ့နှင့် မြို့အဝင် ဂိတ်တို့တွင် အဖွဲ့(၂)ဖွဲ့ခွဲကာ အကြောင်းအမျိုးမျိုးကြောင့် မဖြစ်မနေ၊ နေအိမ်ပြင်ပ ထွက်ခွာသူများအား ပါးစပ်၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း ရှိ/မရှိစစ်ဆေး ကြပ်မတ်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိသည့် ပြည်သူများ၏ ကိုယ်ရေး အချက်အလက်များ မှတ်တမ်း ရယူကာ ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး နောက်တစ်ကြိမ် ထပ်မံ တွေ့ရှိပါက အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပညာပေး၍ နှာခေါင်းစည်း အခမဲ့ပေးကာ တပ်ဆင်စေခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)