တနင်္သာရီ မေ ၂၇
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီ ကိုယ်လုံပညာ (လက်ဝှေ့) သင်တန်းကို မေလ ၂၀ ရက်နေ့ နံနက်ပိုင်းမှစ၍ သင်တန်းနည်း ဦးသန့်ဇင်ဝင်းနှင့် ဦးညီညီထက်တို့က သင်တန်းသူ/သားများ (၂၂)ဦးတို့အား လက်ဝှေ့ပညာ အားကစားနည်းများကို စာတွေ့ဘာသာရပ်များကို မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမထဲအတွင်း၌လည်းကောင်း လက်တွေ့လေ့ကျင့်မှုများကို မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားခန်းမအတွင်း လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ မြို့နယ်အားကစားခန်းမအတွင်း လက်ဝှေ့ပညာသင်ကြားနေမှုများကို တနင်္သာရီမြို့နယ်၊ အမှတ်(၂) စစ်နယ်မြေမှူး ဗိုလ်မှူးကြီးမျိုးမင်းသူသည် ယနေ့ နံနက် ၉ နာရီ အချိန်က မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်အတူ သွာရောက်ကြည့်ရှု၍ သင်တန်းနည်းပြနှင့် သင်တန်းသားများအား အားပေးစကား ပြောကြားပေးကြောင်း သိရသည်။
ထို့နောက် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မြတ်စုဝင်းက သင်တန်းနည်းပြ (၂) ဦးအတွက် စားစရိတ် ထောက်ပံ့ငွေ (၂) သိန်းတိတိကို ထောက်ပံ့ပေးအပ်ပေးကြောင်း သိရသည်။
အဆိုပါ ကိုယ်လုံပညာ (လက်ဝှေ့) သင်တန်းတွင် သင်တန်းသူ/သား (၂၂)ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းကာလမှာ ၂၀၂၄ ခုနှစ်၊ မေလ ၂၀ မှ ၃၀ ရက်နေ့အထိ (၁၁)ရက်ဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)