မကွေး မေ ၂၆
၂၀၂၄-ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက မကွေးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို မွန်းလွဲပိုင်းက မကွေးမြို့ ကွန်ပျူတာတက္ကသိုလ်တွင်လည်းကောင်း ကျင်းပခဲ့သည်။
ရှေးဦးစွာ မကွေးမြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ သံယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်သူဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ မကွေးမြို့ ကွန်ပျူတာတက္ကသိုလ်၌ ကွန်ပျူတာပန်းချီပြိုင်ပွဲကို မွန်းလွဲပိုင်းတွင်ကျင်းပရာ ဝင်ရောက်ယှဉ်ပြိုင်နေသည့် အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်သူဦး၊ တိုင်းဒေသကြီးဥပဒေချုပ် ဦးတင့်ဝေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှည်လည်ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲကို မကွေးတိုင်းဒေသကြီးအတွင်းရှိ မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်နှင့် ချောက်ခရိုင်များ၌ ပန်းချီပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၅၀)ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ကျောင်းသူ (၅၃)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၉)ဦး၊ ကာတွန်းပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၉)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၈)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၉)ဦး၊ ပိုစတာပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၁)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၉)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆)ဦးနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၇)ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ (၁၀)ဦးတို့က “မူးယစ်ရန်စွယ်အသွယ်သွယ် အန္တရာယ်ဟူသမျှ ရှောင်းရှားကြ”၊ “မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး”၊ “မူးယစ်အဆိပ်ငွေ့ကင်းစင်မှ တိုးပွားရှင်သန် မျိုးဗီဇ”၊ ဉာဏ်ရည်လည်းရှုံးလူညွန့်တုန်းစည်းလုံးတိုက်ပစ် ထိုမူးယစ်”၊ လူ့ဘောင်သာယာလှပဖို့ နွေးထွေးပွေ့ဖက်ဖေးမလို့ မူးယစ်စွဲသူကူညီစို့”၊ “ခွဲခြားနှိမ့်ချ ကင်းစင်ဝေးကာကွယ်ရေးကိုအလေးပေး လူသားအားလုံးကျန်းမာရေး” စသည့် ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း တိုင်းဒေသကြီးပညာရေးမှူးရုံးမှ သိရသည်။
အောင်ကို