တောင်ငူ မေ ၂၅
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ အမှတ် (၂)အခြေခံပညာအထက်တန်းကျောင်း၊ ဆရာကွန်းခန်းမ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့်ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားအား အထက (၂) ကျောင်းသားကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင် (၁)၊ ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်အောင်တို့က နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသော ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်များ၊ ကျောင်းဝတ်စုံများကို ခရိုင်ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး နော်ဥမ္မာထွန်းနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဦးကြူဝင်းတို့အား ပေးအပ်သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင် (၂) ဦးကျော်ဝင်းတို့က နိုင်ငံတော်မှအခမဲ့ဖြန့်ဝေသော ပုံနှိပ်စာအုပ်၊ သင်ထောက်ကူပစ္စည်းများကို မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာထွန်းနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးမင်းစိုးတို့အား ပေးအပ်သည်။
ထို့နောက် ကျောင်းသားကျောင်းသူများက “ ကျောင်းအပ်နှံကြစို့” သီချင်းဖြင့် ကပြဖျော်ဖြေပြီး ဇာတိမာန်သီချင်းဖြင့် သီဆိုပိတ်သိမ်းသည်။
တောင်ငူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများတွင် မေလ ၂၃ ရက်နေ့မှစတင်ကာ ကျောင်းအပ်နှံလက်ခံဆောင်ရွက်လျက်ရှိပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံခြင်းသီတင်းပတ်အစီအစဉ်အနေဖြင့် မေ(၂၃)ရက်မှ ဇွန်လ(၂)ရက်အထိ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဇော်ကိုကို (တောင်ငူ)