ကမမောင်း မေ ၂၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် "ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာ သင်ယူဖို့၊ ကျောင်းအပ်နှံကြပါစို့" ဟူသောဆောင်ပုဒ်နှင့်အညီ ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ဖာပွန်ခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဖာပွန်မြို့နယ် မြို့နယ်ပညာရေးမှူးမှ ကျောင်းအပ်နှံရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ၌ အခြေခံပညာဦးစီးဌာနအနေဖြင့် အခမဲ့ ပညာရေးစနစ်ဖြင့် သင်ရိုးသစ်ပညာရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေမှုများ၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာရေးနှင့် အလှမ်းမဝေးစေရန် ရည်ရွယ်၍ မြို့ပေါ် / ရပ်ကွက် ခွဲခြားမှု မရှိစေဘဲ နေရာအနှံ့အပြားတွင် အခြေခံ ပညာကျောင်းများ ဖွင့်လှစ်ပေးထားပြီး သင်ကြားရေး ဆရာ/ဆရာမများ ခန့်ထားပြီးဖြစ်ပါကြောင်း၊ ကျောင်းသားမိဘများအနေဖြင့် ငွေကြေးကုန်ကျမှုသက်သာစေရန်ကျောင်းဝတ်စုံ၊ ကျောင်းသုံးပုံနှိပ် စာအုပ်၊ လေ့ကျင့်ခန်း ဗလာစာအုပ် စာရေးကိရိယာများအား အခမဲ့ထောက်ပံ့ပေးခြင်းနှင့် မည်သည့် အခကြေးငွေမှ ကောက်ခံမှု မရှိကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ကျောင်းသား/ကျောင်းသူများအား နိုင်ငံတော်အစိုးရမှ အခမဲ့ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ပစ္စည်းများကို တာဝန်ရှိသူများက ပေးအပ်ခဲ့ပြီး ကျောင်းသူလေးများက ဇာတိမာန် သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ပိတ်သိမ်းခဲ့သည်။
ကျော်ဟိန်း(ပြန်/ဆက်)