ရှမ်းရွာသစ်မြို့တွင် မြေဆီလွှာ အရည်အသွေးများ တိုးတက်ကောင်းမွန်ရေး သစ်စိမ်းမြေဩဇာကြဲပက်ပွဲ အခမ်းအနား ကျင်းပ

ရှမ်းရွာသစ် မေ ၂၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ မဲသမူးကျေးရွာရှိ တောင်သူ ဦးမောင်အုန်းပိုင် လယ်မြေ (၈) ဧကတွင် မြေဆီလွှာများ တိုးတက်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာ ကြဲပက်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်နှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးမြင့်မောင်တို့က ပြောင်းလဲနေသည့် ရာသီဥတုအခြေအနေအရ ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှုကို ထိန်းသိမ်းနိုင်ရေးနှင့် လယ်ယာမြေများ၏ မြေဆီလွှာအရည်အသွေးများ တိုးတက်ကောင်းမွန်ပြီး အပင်အာဟာရဓာတ်များ လုံလောက်စွာ ရရှိနိုင်ရေးအတွက် မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းကို တောင်သူဦးကြီးများအနေဖြင့် မဖြစ်မနေ လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပိုက်ဆံလျှော်ပင်သည် အကြီးမြန်ပြီး စိုက်ပျိုးရလွယ်ကူသောကြောင့် မိမိတို့လယ်ယာမြေများတွင် သီးနှံများ မစိုက်ပျိုးမီ သစ်စိမ်းမြေဩဇာ ထည့်သွင်းခြင်း လုပ်ငန်းများကို လုပ်ကိုင်ကြရန် လိုအပ်ကြောင်း စသည်ဖြင့် သစ်စိမ်းမြေဩဇာ ကြဲပတ်အသုံးပြုရခြင်း၏ အကျိုးကျေးဇူးများအကြောင်းကို တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တောင်သူများအား သစ်စိမ်းမြေဩဇာ အသုံးပြုခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ပိုက်ဆံလျှော်မျိုးစေ့များအား ဖြန့်ဝေခြင်းနှင့် ပိုက်ဆံလျှော် မျိုးစေ့များအား စုပေါင်း ကြဲပတ်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ တောင်သူ(၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)