ဘိုကလေး နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် အသွားအလာကန့်သတ် (Facility Quarantine) ထားရှိသူများ၊ ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် ကိုဗစ်-၁၉ အတည်ပြုလူနာများနှင့် ဘိုကလေးကုတင်(၁၀၀) ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးဝါး ကုသခံယူနေသူများအား နေ့စဉ် ထမင်း၊ ဟင်း ချက်ပြုတ် ပေးပို့လျက်ရှိသည့် သုခဝေဖြာပရဟိတ ဖောင်ဒေးရှင်းသို့ ယမန်နေ့ ညနေ(၅) နာရီခန့်၌ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ အလှူငွေ သိန်း(၃၀)ကျပ်အား လှူဒါန်းခဲ့ကြသည်။
လှူဒါန်းရာတွင် သုခဝေဖြာ ပရဟိတဖောင်ဒေးရှင်း၏ ဦးဆောင်ဆရာတော် ဘဒ္ဒန္တတေဇ ထံသို့ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၊ ဘဏ္ဍရှာဖွေရေး ကော်မတီဥက္ကဌ ဦးမောင်မောင်တာ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးထွန်းလှဦးနှင့် အဖွဲ့ဝင်များမှ ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး ဆရာတော်မှ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း၊ သုခဝေဖြာ ပရဟိတဖောင်ဒေးရှင်းသည် ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဇမ္ဗူဒီပ ရတနာကျောင်းတိုက်၌ တည်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)