မြင်းမူ နိုဝင်ဘာ ၁၁
မိရိုးဖလာတောင်သူလယ်ယာစိုက်ပျိုးခြင်းနှင့်အတူ မိသားစုတစ်ပိုင်တစ်နိုင် သီးပင်စားပင်များ စိုက်ပျိုး လုပ်ကိုင်လျှက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပ ကျေးရွာရှိတောင်သူအချို့မှာ နှစ်စဉ်ရောင်းချရပြီးဈေးကွက်ရရှိနေသည့် ထိုင်ဝမ်သကြား ပြောင်းဖူး ပင်များ စိုက်ပျိုးလုပ်ကိုင်လျှက်ရှိကြောင်းသိရှိရသည်။
ထိုင်ဝမ်သကြားပြောင်းဖူးပင်မှာ စိုက်ပျိုးပြီး(၂)လအကြာတွင် အဖူးများစတင် ထွက်ရှိကြောင်း ယခုခြံအတွင်း အပင်(၅၀၀၀)ကိုစိုက်ပျိုးထားရှိကြောင်း၊ မျိုးအနေဖြင့်နံပါတ် (၇၀၂)ထိုင်ဝမ် အမျိုးအစားဖြစ်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့်မျိုးစေ့နှင့်လုပ်အားခအပါအဝင် စုစုပေါင်း ငွေကျပ် (၁၅၀၀၀၀)ခန့်ကုန်ကျမှုရှိကြောင်း၊ စိုက်ပျိုးပြီးရက်ပေါင်း(၈၀)ခန့်အရောက်တွင် ချိုးယူရောင်းချနိုင်ပြီဖြစ်ကြောင်းပြောင်းဖူးပင်တစ်ပင်လျှင် မိမိစိတ်ကြိုက် အကောင်းဆုံး အဖူးကိုစတင်ခူးယူနိုင်ကြောင်း၊ နောက်ခူးယူမည့် ဒုတိယအသီးမပါ တစ်ပင်လျှင်(၁)ဖူးနှုန်းဖြင့် အဖူး(၅၀၀၀)ခန့်ရရှိပြီး လက်ရှိဈေးအရ(၁)ဖူးလျှင် (၁၀၀)ကျပ် (ဖောက်သည်ဈေး)ဖြင့် ရောင်းချမည်ဆိုပါက ငွေကျပ်(၅၀၀၀၀၀)ခန့်ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း အလ္လကပ္ပ ကျေးရွာ မှပြောင်းဖူးစိုက်ပျိုးလုပ်ကိုင်နေသူ ဦးဖိုးဇော်ထံမှသိရှိရသည်။
မြင်းမူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူအများစုမှာ မိရိုးဖလာ ဆန်စပါး၊ ပဲအမျိုးမျိုးနှင့် နှမ်းစိုက်ပျိုးလုပ်ကိုင်ခြင်းနှင့်အတူ စိုက်ထုတ်ရင်းနှီးမှုနည်းပါးကာ အမြတ်ငွေပိုမိုရရှိနိုင်ပြီး ဒေသ ရာသီဥတုနှင့်ကိုက်ညီသည့် စားဖိုဆောင်သီးနှံများဖြစ်သည့် တိုင်ထောင်ပဲ၊ ခဝဲပင်၊ ဗူးပင်၊ ရုံးပတေသီးပင်၊ငရုပ်ပင်၊အပင်နိမ့်မျိုး အာဆီယံဂွေးတောက် စသဖြင့်ရွေးချယ်ကာ မိသားစုပုံမှန် ငွေရရှိရေးအတွက်စိုက်ပျိုးလုပ်ကိုင်လျှက်ရှိကြောင်းသိရသည်။
အောင်စိုးဖေ (မြင်းမူ)