ထားဝယ် မေ ၂၅
တနင်္သာရီတိုင်းဒေသကြီးအတွင်း ဒေသခံတိုင်းရင်းသားများ၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန် တွေ့ဆုံရခြင်းဖြစ် ကြောင်း၊ ယခုတွေ့ဆုံမှုသည် ဒုတိယကြိမ်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အဓိက အားဖြင့် ဆောင်ရွက်ပေးသည့်နေရာတွင် နယ်မြေဒေသအေးချမ်းမူအပေါ် မူတည်၍ ဆောင်ရွက်ပေး လျက်ရှိပြီး တိုင်းရင်းသားများ၏ လိုအပ်ချက်များတင်ပြလာမှုအပေါ်တွင်လည်း ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ကုန်ထုတ်လမ်းများ၊ တာတမံများအပါအဝင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်များရှိကြောင်း၊ ဘန်းချောင်းဒေသတွင် ဒေသဖွံ့ဖြိုရေးဖြစ်သည့်လမ်း၊ လျှပ်စစ် မီးများ ကြိုးစားဆောင်ရွက်ထားသော်လည်း ယခုအခါတွင် များစွာ စိတ်မကောင်းဖြစ်ရကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ စတင်တာဝန်ယူစဉ်က ဖောင်းတောဒေသ၌ ဒေသခံတိုင်းရင်းသားများ သွားလာရေးအဆင်ပြေစေရေးအတွက် လမ်းများဖောက်လုပ်ထားပြီး ဖောင်းတောရေအားလျှပ်စစ် ပြန်လည်လည်ပတ်အောင် ဆောင်ရွက်ပြီး ဒေသအတွင်း လျှပ်စစ်ဓာတ်အားလုံလောက်စွာ၊ သက်သာသောဈေးနှုန်းများဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်အခါသည် ဒေသအတွင်းလျှပ်စစ်မီးလုံလောက်စွာနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း များ ဆောင်ရွက်ရမည့် အချိန်အခါဖြစ်ကြောင်း၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာတာဝန်ရှိသူများတို့က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် မွန်၊ ကရင်၊ ထားဝယ်၊ မော်ကယ်တိုင်းရင်းသားကိုယ်စားလှယ်များ၊ တိုင်းရင်းသား လုပ်ငန်းရှင်များက လမ်း၊ တံတား၊ တာတမံ၊ ပညာရေး၊ ကျန်းမာရေး။ လျှပ်စစ်မီး၊ ဆိုလာမီး၊ အဆောက်အဦ၊ ထောက်ပံ့ရေး၊ သားငါးသီးနှံကဏ္ဍ၊ စာသင်ကျောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် လိုအပ်ချက်များကို ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များအပေါ်တွင် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)