ဘားအံ မေ ၂၅
“ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကျောင်းအပ်နှံရေးကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မေလ(၂၃)ရက်နေ့စတင်၍ ကျောင်းအပ်နှံရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြရာ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၄၅၀)ကျောင်းတွင်လည်း ကျောင်းအပ်နှံရေးလုပ်ငန်းများကို မေလ(၂၃)နေ့မှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(၃၃)ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၃၁)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၂၂)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(၁၈)ကျောင်း၊ အခြေခံပညာမူလတန်းလွန်ကျောင်း(၅၃)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း(၂၈၆)ကျောင်းနှင့် အခြေခံပညာမူလတန်းကျောင်း(ခွဲ)(၇)ကျောင်း စုစုပေါင်း(၄၅၀)ကျောင်းတို့၌ မေလ(၂၃)ရက်နေ့မှ (၂၄)ရက်နေ့အထိ ကျောင်းသား၊ ကျောင်းသူ (၃၂၅၀၅)ဦး ကျောင်းလာရောက်အပ်နှံထားပြီး ဖြစ်ကြောင်း၊ ကျောင်းအပ်နှံရာတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးသည့် စာရေးကိရိယာများ၊ ကျောင်းသုံးစာအုပ်များကျောင်းဝတ်စုံများကိုလည်း တစ်ပါတည်းထောက်ပံ့ပေးအပ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရှိရသည်။
ခရိုင်(ပြန်/ဆက်)