ဟားခါး မေ ၂၅
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အချက်အလက်များအတွက် ကဏ္ဍအလိုက် စာရင်းကောက်ယူ မှုပုံစံရှင်းလင်းခြင်း သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၂၃ ရက် နံနက် ၉ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ကြသည်။
ဦးစွာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်မှာ ၂၀၁၈ ခုနှစ်မှစ၍ ၂၀၂၃ ခုနှစ်အထိ (၆)နှစ်တာကာလအတွင်း ကြုံတွေ့ခဲ့သည့် သဘာဝဘေးအန္တရာယ်များကို ပြန်ကြည့်မည် ဆိုပါက မီးဘေး၊ ရေဘေး၊ လေပြေင်းတိုက်ခတ်မှုဘေးနှင့် မြေပြိုဘေးဒဏ်ကို နှစ်စဉ်ခံစားခဲ့ရပြီး ကမ်းပြိုခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ငလျင်လှုပ်ခြင်းဘေးဒဏ်ကိုလည်း ခံစားခဲ့ရသည်ကို တွေ့ရှိရပါ ကြောင်း၊ နှစ်စဉ်နှစ်တိုင်း တစ်ခုမဟုတ်တစ်ခု သဘာဝဘေးကြုံတွေ့နေရသည်ဖြစ်၍ ပျက်စီးဆုံးရှုံးမှု စာရင်းများကို သေချာမှတ်သားထားရန် အလွန်အရေးကြီးကြောင်း၊ သဘာဝဘေးအန္တရာယ်တစ်ခု ကျရောက်တိုင်း အသက်အိုးအိမ်၊ စည်းစိမ်ထိခိုက်မှုရှိသကဲ့သို့ အခြားသော ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အသုံးပြုမည့်ငွေကြေးများကို ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွင် အသုံးပြုသည့်အတွက် နှစ်ကြိမ်ဆုံးရှုံးမှုဖြစ်ရသဖြင့် ကြိုတင်ကာကွယ်ရေးကို အလေးပေးဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းတစ်ခုဖြစ်သည့် ခိုင်မာသည့် စာရင်းများရရှိနိုင်ရန်၊ မြေပြင်နှင့် အနီးစပ်ဆုံး မှန်ကန်သည့်စာရင်းများ ရရှိစေမည့် စာရင်းကောက်ယူမှုပုံစံကို မည်ကဲ့သို့ ဖြည့်သွင်းရမည်ကို သင်တန်းမှာ သင်ကြားပို့ချခဲ့ပြီးဖြစ်၍ လက်တွေ့အသုံးချသည့်အခါ ထိရောက်စွာ အသုံးချကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြား သည်။
ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ပြည်နယ်တာဝန်ခံ ဒေါ်ချိုချိုဝင်းက သင်တန်းဖွင့်လှစ်ပြီးစီးမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူ၍ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က အစည်းအဝေးတက်ရောက်လာကြသူများအား နှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)