ဒေးဒရဲ မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ပျိုးထုတ်လုပ်မည့် လယ်ဧကများ သီးနှံအထွက်နှုန်းတိုးတက်စေရေးအတွက် နိုင်ငံစီးပွားရေးမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မိုးစပါးစိုက်ဧကများအတွက် သွင်းအားစုဓာတ်မြေသြဇာများ ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ဝယ်ယူကြိတ်ခွဲရောင်းချရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်ကကျေးရွာများရှိ တောင်သူများ မိုးစပါးထုတ်လုပ်မှုလုပ်ငန်းများတွင် လိုအပ်လျက်ရှိသည့် သွင်းအားစု ဓာတ်မြေသြဇာများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဖြန့်ဖြူးပေးအပ်မည့်လုပ်ငန်းများ၊ စိုက်ပျိုးချိန်အမီ ဖြန့်ဝေပေးနိုင်ရေး တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်သွားရန်နှင့် တောင်သူများ၏ အခက်အခဲများကို အချိန်နှင့် တပြေးညီ ပြန်လည်တင်ပြသွားရန် ဆွေးနွေးမှာကြားခဲ့ပြီး မြိုနယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇင်မောင်မောင်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးအပ်မည့် လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးခြင်းနှင့် တက်ရောက်လာသူများက မိုးစပါးစိုက်ဧကများအတွက် လိုအပ်ချက်များတင်ပြခဲ့ရာ သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်ပေးမည့်လုပ်ငန်းများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်တွင် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် မိုးစပါး ဧက (၁၇၀၀၀၀) ကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် လယ်မြေ (၁၅၈၀၅)ဧကတွင် မိုးစပါးများ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
အေဇာလင်း