တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို   မြို့နယ်ပေါင်းစုံ အသက် (၂၁) နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

ထားဝယ် မေ ၂၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၁)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားကွင်း၌ ကျင်းပသည်။

ရှေးဦးစွာ ဗိုလ်လုပွဲသို့ တက်ရောက်လာသော ထားဝယ်အသင်းနှင့် ကော့သောင်းအသင်းတို့၏ ယှဉ်ပြိုင် ကစားနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ အားက စားသမားနှင့် အားကစား ဝါသနာရှင်များက ကြည့်ရှုအားပေးရာ နှစ်ဖက် (ဂိုး)မရှိ သရေကျပြီး ပယ်နယ်တီအဆုံးအဖြတ်ဖြင့် ထားဝယ်အသင်းက အနိုင်ရရှိသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးသက်နိုင်က ပွဲစဉ်တစ်လျှောက် ပါဝင်ကူညီ ဆောင်ရွက်ပေးသော ကြက်ခြေနီတပ်ဖွဲ့အား ဂုဏ်ပြုဆုချီးမြှင့်ပြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်က ဂိုးသွင်းအများဆုံး ဆုရရှိသူအားလည်းကောင်း၊ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက အကောင်းဆုံး အားကစားဆု ရရှိသူအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆု ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်အတွင်းရေးမှူး ဦးအောင်နိုင်က ဂုဏ်ပြုဆုငွေ (၁)သိန်းစီ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းမင်းလတ် ဒုတိယဆုရရှိသည့် ကော့သောင်းအသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေးက ပထမဆု ရရှိသည့် ထားဝယ်အသင်းအားလည်းကောင်း တစ်ဦးချင်းဆုနှင့် ငွေသားဆု ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်ဝင်း ဒုတိယဆုရရှိသည့် ကော့သောင်းအသင်းအား ဂုဏ်ပြုဆုငွေ (၂)သိန်းနှင့် ပထမဆုရရှိသည့် ထားဝယ်အသင်းအား  ဂုဏ်ပြုဆုငွေ (၃)သိန်း ပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ပထမဆုရရှိသည့် ထားဝယ်အသင်းအား တံခွန်စိုက်ဆုဖလားပေးအပ် ချီးမြှင့်ခဲ့ကြောင်း သတင်းရသည်။

ကျော်ကျော်လတ်(ပြန်/ဆက်)