စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူဆက်‌ဆံ‌ရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီသင်တန်းများ ဆင်းပွဲအခမ်းအနား မုံရွာမြို့၌ ကျင်းပ

မုံရွာ မေ ၂၄

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများအား နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကိုအကျိုးရှိရှိ အသုံးချနိုင်စေရန် နည်းပညာများ၊ အတတ်ပညာများ သင်ယူတတ်မြောက်စေရန်ရည်ရွယ်ပြီးဖွင့်လှစ်ခဲ့သည့် နွေရာသီ အခြေခံပန်းချီသင်တန်း၊ ကွန်ပျူတာပန်းချီသင်တန်း၊ အင်္ဂလိပ်စာ(Grammar) သင်တန်းများ (၂/၂၀၂၄)နှင့် အခြေခံကွန်ပျူ တာသင်တန်း (၃/၂၀၂၄) သင်တန်းများဆင်းပွဲအခမ်းအနားကို မေလ ၂၄ ရက်နေ့နံနက် ၈ နာရီခွဲ အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မုံရွာခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကျော်နှင့် အစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ နည်းပြဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်က ယခုလိုနွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း ကလေးများအတွက် အကျိုးဖြစ်ထွန်းစေမည့် အင်္ဂလိပ်စာ(Grammar) သင်တန်းအပါအဝင် အခြေခံပန်းချီ၊ ကွန်ပျူတာပန်းချီ သင်တန်းတို့ကို ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့လို့ ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များအတွက် အကျိုးကျေးဇူးများစွာ ရရှိမှာဖြစ်ပါကြောင်း၊ ဒါ့အပြင်အခြေခံကွန်ပျူတာသင်တန်းများလည်း အပတ်စဉ် ဖွင့်လှစ်ပို့ချနိုင်ခဲ့လို့ ဒေသတွင်း လူငယ်လေးများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေး ဖန်တီးပေးနိုင်သည့်အတွက် များစွာဝမ်းမြောက်မိကြောင်းနှင့် ကွန်ပျူတာသင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရေး အမှာစကားပြောကြားသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်စောလင်းက တိုင်းဒေသကြီးအတွင်း နွေရာသီသင်တန်းများ ဖွင့်လှစ်ပို့ချခဲ့မှုအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က သင်တန်းများဆက်လက်ဖွင့် လှစ်နိုင်ရေး သက်ဆိုင်ရာဌာနများ၊ နည်းပြများ၊ ကျောင်းသားမိဘများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ အောင်မြင်စွာဆောင်ရွက်နိုင်ရေး လမ်းညွှန်မှာကြားသည်။

ထို့နောက် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ  တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က အင်္ဂလိပ်စာ  (Grammar) သင်တန်းတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား များအားလည်းကောင်း ၊တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးဇော်ထူးက ကွန်ပျူတာပန်းချီသင်တန်းတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား  ကျောင်းသူများအား လည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုးက  အခြေခံပန်းချီသင်တန်း (စိတ်ကြိုက်ပန်းချီပြိုင်ပွဲ)တွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက  အခြေခံပန်းချီသင်တန်း ပုံတူ(ပန်းချီ ပြိုင်ပွဲ)တွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား လည်းကောင်း ဆုများအသီးသီးပေးအပ်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/ ၂၀၂၄) တွင်တက်ရောက်ခဲ့ကြသည့် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်နှင့် လမ်းပန်းဆက်သွယ်‌ရေးဝန်ကြီး ဦးခင်မောင် အေးက သင်တန်းနည်းပြ ဆရာဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီးနောက်  Englisn Grammar သင်တန်း အမှတ်စဉ် (၂/၂၀၂၄)မှ သင်တန်းသား၊ သင်တန်းသူများက Group Song ဖြင့်သီဆိုဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၃/၂၀၂၄) သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူ မခင်ဖြူဝေကျော်က ကျေးဇူးတင်ပြန်လည်ပြောကြားခဲ့ ပြီးနောက်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသူများ၊ ဆုရကျောင်းသားကျောင်းသူများ၊ ကွန်ပျူတာသင်တန်းသာား သင်တန်းသူများက အမှတ်တရစု‌ ပေါင်း မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပြီးနောက် သင်တန်းသား သင်တန်းသူများ၏ ဆုရပန်းချီလက်ရာများ၊ ကွန်ပျူတာပန်းချီလက်ရာများအား ဝန်ကြီးချုပ်နှင့်တက်ရောက် လာကြသူများက လှည့်လည်ကြည့်ရှု့အား ပေးခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီသင်တန်းများကို တိုင်းဒေသကြီးအတွင်း မုံရွာမြို့အပါအဝင် ခရိုင်၊ မြို့နယ်နှင့် မြို့ရုံးပေါင်း(၁၇) ရုံးတို့တွင် နွေရာသီကျောင်းပိတ်ရက်ကာလမှာ သင်တန်းများကို သင်္ကြန်မတိုင်မီကာလနှင့် သင်္ကြန်အပြီးကာလ(၂)သုတ်ခွဲကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပထမအသုတ်မှာ တိုင်းဒေသကြီးအတွင်း သင်တန်းစုစုပေါင်း (၃၉)ကြိမ်၊ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၁၁၂၆)ဦး၊ ဒုတိယအသုတ်မှာ တိုင်းဒေသကြီးအတွင်း ခရိုင်/ မြို့နယ်များတွင် သင်တန်းစုစုပေါင်း (၂၈)ကြိမ်၊ သင်တန်းသား၊ သင်တန်းသူ (၆၉၁)ဦးတက်ရောက် သင်ယူခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)