လေးမျက်နှာ နိုဝင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိလူနာ ယနေ့အချိန်ထိ (၃၁)ဦးရှိပြီဖြစ်ရာ ခရိုင်ပြည်သူ့ဆေးရုံကြီးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့မှ ကျန်းမာရေး ဝန်ထမ်းများက ဂရုစိုက်ကြပ်မတ်ကုသခြင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ယမန်နေ့ညနေပိုင်းက လေးမျက်နှာမြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသော ပိုးတွေ့လူနာ (၁၀) ဦးတို့သည် တက်ရောက်ကုသမှုခံယူနေသည့် positive လူနာများထဲမှ ကျန်းမာရေး ပြန်လည် ကောင်းမွန်ပြီး သတ်မှတ်ရက် ပြည့်ပြီဖြစ်သဖြင့် ဆေးရုံဆင်းခွင့် ရရှိကာ လူနာများသည်လည်း ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးရုံဆင်းလူနာများအား မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစုစုလှိုင်က ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့ကာ Stay at home နေရမည့် စည်းကမ်းချက်များ ရှင်းလင်းပြောကြားခဲ့သည်။ ထိုနောက် ဆေးရုံဆင်း လူနာများအား လူမှုကူညီရေးအသင်းတို့မှာကားများဖြင့်အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင် ခဲ့ကြောင်း သိရသည်။
မြို့နယ်ဆေးရုံကြီးတွင် ယနေ့နံနက်ပိုင်းထိ ပိုးတွေ့လူနာ အားလုံးကောင်းမွန်သက်သာ၍ ဆေးရုံဆင်းသွား ကြပြီးဖြစ်ရာ ဆေးရုံဆင်းလူနာ စုစုပေါင်း(၂၈)ဦးရှိပြီဖြစ်ပြီး ကျန်လူနာများအား ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ကုသပေးပြီး အားလုံးကျန်းမာရေး ကောင်းမွန်ကြကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်ဆက်)