လှိုင်းဘွဲမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိ

လှိုင်းဘွဲ မေ ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၃ မှ ဇွန် ၃ ရက်နေ့အထိ သတ်မှတ်ထားပြီး  အခြေခံပညာကျောင်းများအနေဖြင့် ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ဒုတိယနေ့တွင်လည်း ကျောင်းသား၊ကျောင်းသူလေးများ အခြေခံပညာသင်ကြားနိုင်ရေးအတွက် မိဘဘိုးဘွားများက ကျောင်းသို့ လာရောက်အပ်နှံပေးလျက်ရှိပြီး  အခြေခံပညာကျောင်းများတွင် နိုင်ငံတော်မှ ကျောင်းသား၊ ကျောင်းသူများ အတွက် အခမဲ့ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးခြင်းအပြင်  ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံနှင့် ဘောပင်တို့ကို အခမဲ့ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်အနေဖြင့်  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာအထက်တန်းကျောင်း (၄၂) ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း(၇၈)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်း (၂၀၁) ကျောင်းနှင့် ကိုယ်ပိုင်အထက်တန်းကျောင်း (၂)ကျောင်း၊ မူလတန်းကျောင်း(၁)ကျောင်း၊  အခြေခံပညာအလယ်တန်း(ဘက)ကျောင်း (၁)ကျောင်း၊  စုစုပေါင်း (၃၂၅)ကျောင်းကို ဖွင့်လှစ်၍ ကျောင်းသား၊ကျောင်းသူလေးများကို အခြေခံပညာ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး နယ်မြေဒေသ အခြေအနေအရ မဖွင့်လှစ်နိုင်သည့် စာသင် ကျောင်းအရေအတွက်မှာ အခြေခံပညာအလယ်တန်းကျောင်း (၁)ကျောင်းနှင့်  အခြေခံပညာမူလတန်းကျောင်း (၁၁)ကျောင်း၊   စုစုပေါင်း (၁၂)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

စောဒိ(ပြန်/ဆက်)