လွိုင်ကော် မေ ၂၄
၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများကို စတင်ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်နှံမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့သွားရောက်၍ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေး၍ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံများနှင့်ကျောင်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး ကျောင်းလာရောက်အပ်နှံလျက်ရှိသော ကျောင်းသားမိဘများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ကျောင်းအုပ်ကြီးရုံးခန်း၌ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်းရှိ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး ဘက်ပေါင်းစုံမှဖြည့်ဆည်း ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းများလုံခြုံမှုရှိစေရေးနှင့် ကျောင်းများဥပဓိရုပ်ခန့်ထည်မှုရှိစေရေး၊ ကျောင်းသုံးပရိဘောဂများ၊ ပုံနှိပ်စာအုပ်များ၊ သင်ထောက်ကူပစ္စည်းများပြည့်စုံမှုရှိစေရေး ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဆရာ/ဆရာမများအနေဖြင့်လည်း ကျောင်းအပ်လက်ခံရေးကိစ္စများအဆင်ပြေချောမွေ့မှုရှိစေရေး၊ ပြည်နယ်အတွင်း အသိဉာဏ်ပညာပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် မိမိတာဝန်ကျရာ အခန်းကဏ္ဍကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ပေးကြရန် မှာကြားလိုကြောင်းနှင့် ပံ့ပိုးဖြည့်ဆည်း ပေးစေလိုသည်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြနိုင်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် ဆရာ၊ ဆရာမများက ဖြည့်ဆည်းဆောင်ရွက် ပေးစေလိုသည်များကို တင်ပြခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းများဖွင့်လှစ်ချိန် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဆောင်များ၊ စာသင်ခန်းများ၊ ကျောင်းသုံးပရိဘောဂများ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေတို့အား လိုက်လံကြည့်ရှစစ်ဆေးခဲ့ကြောင်း သိရသည်။ ယနေ့တွင် ကယားပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ အေးချမ်းစွာဖြင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအပ်လက်ခံပေးလျက်ရှိပြီး ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် ( ပြန်/ဆက် )