ပခုက္ကူမြို့နယ်၌ တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့် စိန်တစ်လုံးသရက်သီးများ ဈေးကောင်းရရှိ

ပခုက္ကူ မေ ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများများတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးသည့် စိန်တစ်လုံးသရက်သီးများ ဈေးကောင်းရရှိလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့နယ်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကထားလုပ်ကိုင်ကြပြီး နှစ်ရှည်သီးနှံဖြစ်သော သရက်သီးကို ယာမြေနှင့်ဥယျာဉ်ခြံမြေများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ သရက်စိုက်ပျိုးရာတွင် မျိုးအနေဖြင့် နယ်မြေဒေသနှင့်ကိုက်ညီမှုရှိပြီး အရည်အသွေးကောင်းမွန်သည့် စိန်တစ်လုံးသရက်သီးမျိုးကိုသာ ရွေးချယ်စိုက်ပျိုးကြကြောင်း၊ သရက်သီးစိုက်ပျိုးရာတွင် ယခင်ကအစေ့ပျိုးပင်များကို စိုက်ပျိုးကြရာ အသီးထွက်ရှိရန် အနည်းဆုံး ၆ နှစ်မှ ၈ နှစ်ခန့်အထိ ကြာမြင့်သောကြောင့် ယခုအချိန်တွင် သရက်စိုက်တောင်သူများအနေဖြင့် ခေတ်သစ်နည်းစနစ်ဖြင့် ကိုင်းကူးပျိုးပင်များကိုသာ အများဆုံးစိုက်ပျိုးကြကြောင်း၊ ယင်းစိုက်ပျိုးသည့်နည်းမှာ သုံးနှစ်ခန့်အကြာတွင် အသီးထွက်ရှိခြင်း၊ အသီးလှပြီးဈေးကောင်းရရှိခြင်း၊ သီးနှံပျက်စီးမှုနည်းပါးပြီး ကုန်ကျစရိတ်သက်သာခြင်းတို့ကြောင့် ကိုင်းကူးပျိုးပင်များကို အဓိကစိုက်ပျိုးကြကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် တစ်ဧကလျှင် ဆေးဖျန်းခြင်း၊ ဓာတ်မြေဩဇာကျွေးခြင်း၊ သွင်းအားစု၊ အိတ်စွပ်ခ၊ အသီးခူးဆွတ်ခ၊ လုပ်အားခအပါအဝင် စုစုပေါင်းအများဆုံး ကိုးသိန်းခန့်ရှိကြောင်း၊ အထွက်နှုန်းအနေဖြင့် စိုက်ပျိုးပြီး အပင်သက်တမ်းပေါ်မူတည်ပြီး တစ်ပင်လျှင် အလုံးရေ ၂၀၀ မှ ၃၀၀ အကြားထွက်ရှိကြောင်း၊ ယခုအချိန်တွင် စိန်တစ်လုံးသရက်သီးများ စတင်ထွက်ရှိလာပြီး ယခင်နှစ်ထက် အထွက်နှုန်းနည်းသော်လည်း ဈေးကွက်အတွင်း ဈေးကောင်းရရှိသောကြောင့် မိသားစုအပိုဝင်ငွေရရှိကြောင်း ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာတွင် ဥယျာဉ်ခြံစနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်သည် သရက်စိုက်တောင်သူတစ်ဦးထံက သိရသည်။

ပခုက္ကူမြို့၊ အမှတ်(၁)မြို့မဈေးကြီးအပါအဝင် မြို့ပေါ်ရပ်ကွက်ဈေးဆိုင်များတွင် စိန်တစ်လုံးသရက်သီး တစ်လုံးလျှင် အကြီး၊ အသေးပေါ်မူတည်ပြီး ငွေကျပ် ၅၀၀ မှ ၁၀၀၀ အထိ ရောင်းချကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)