ဘားအံ၊ နိုဝင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန(ဒဂုံတောင်ပိုင်း)တွင် သွားရောက်တာဝန်ထမ်းဆောင်ရန်အတွက် ကရင်ပြည်နယ်အတွင်းရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ ၂၀ ဦးတို့သည် ယနေ့နံနက်ပိုင်းက ဘားအံမြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ မော်တော်ယာဉ်ဖြင့် ထွက်ခွာသွားခဲ့ကြသည်။
သွားရောက်တာဝန်ထမ်းဆောင်ကြမည့် သူနာပြုဆရာ/ဆရာမများအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှူး ဒေါက်တာကျော်စွာမြင့်နှင့် တာဝန်ရှိသူများက ပြည်သူ့ဆေးရုံကြီး (ဘားအံ) သုံးထပ်တိုးချဲ့လူနာဆောင်တွင် ဂုဏ်ပြုတွေ့ဆုံခဲ့ပြီး ဒေါက်တာကျော်စွာမြင့်က ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ကရင်ပြည်နယ်သူနာပြု/သား ဖွားအသင်း၊ ကရင်ပြည်နယ်ကုသရေးဦးစီးဌာနတို့မှ ပေးအပ်သည့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြသည်။
ယခုကဲ့သို့ ကရင်ပြည်နယ်မှ သွားရောက်တာဝန်ထမ်းဆောင်ခြင်းသည် စုတုတ္ထအကြိမ်ဖြစ်ပြီး စက်တင်ဘာ လ ၂၁ ရက်နေ့တွင် ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန (ဖောင်ကြီး)သို့လည်ကောင်း ၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဒုတိယအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးရဲ့ ကုသရေးဌာန(ဒဂုံတောင်ပိုင်း)သို့ လည်ကောင်း၊ အောက်တိုဘာ ၃၀ ရက်နေ့တွင် တတိယအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန (ဖောင်ကြီး)သို့လည်ကောင်း သွားရောက်တာဝန်ထမ်းဆောင်ခဲ့ကြကာ ယနေ့တွင် စတုတ္ထအကြိမ်အဖြစ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဆေးရုံများမှ သူနာပြု ဆရာ/ဆရာမ ၂၀ ဦးတို့သည် ရန်ကုန် တိုင်းဒေသကြီး ကိုဗစ် ၁၉ ကုသရေးဌာန (ဒဂုံတောင်ပိုင်း)တွင် တာဝန်ထမ်းဆောင်ရန် ထွက်ခွာသွားကြခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)