လိပ်သိုဒေသတွင် မိုးဦးကျကာလ၌ နနွင်းစတင်စိုက်ပျိုး

လိပ်သို မေ ၂၄

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ တောင်သူများမှာ ဥယျာဉ်ခြံလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းအပြင် တောင်ယာလုပ်ငန်းကိုပါ တွဲဖက်စိုက်ပျိုးလုပ်ကိုင်ကြရာ မိုးဦးကျစ ကာလတွင် တောင်ယာခင်းများ၌ နနွင်းများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။

နနွင်းမစိုက်မီ တောင်ယာခင်းများအား ခုတ်ထွင်ရှင်းလင်းကာ တောင်ယာမီးရှို့ခြင်းများ ပြုလုပ်ကြကြောင်း၊ နနွင်းစိုက်ပျိုးရာတွင် ယခင်နှစ်က နနွင်းတူးဖော်ရာမှ ရရှိလာသော နနွင်း ဦးခေါင်းများထဲမှ မျိုးကောင်းမျိုးသန့်အဖြစ် ရွေးချယ်သိုလှောင်ထားသော နနွင်းဦးခေါင်းများကိုလည်းကောင်း၊ နနွင်းမျိုးများကို ဝယ်ယူ၍လည်းကောင်း မိုးဦးမကျမီနှင့်  မိုးဦးကျစကာလတွင် စိုက်ပျိုးကြကြောင်း သိရသည်။

နနွင်းတက်များကို ဖေဖော်ဝါရီလတွင် စတင်တူးဖော်ကြောင်း၊ ယခင်နှစ်က နနွင်းအစို တစ်ပိဿာလျှင် (၆၀ဝိ/-) ကျပ်နှင့် အခြောက်တစ်ပိဿာလျှင် (၇၂၀ဝိ/-) ကျပ်အထိ ဈေးကောင်းရရှိသဖြင့် ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း၊ ဈေးကောင်းရရှိရန်လည်း မျှော်လင့်လျက်ရှိကြောင်း နနွင်းစိုက်ပျိုးသူတောင်သူတစ်ဦးထံမှ သိရသည်။

ခင်လေးနွယ် (လိပ်သို)